မုံရွာမှာ လေကြောင်းနဲ့ စစ်ကြောင်းထိုးတိုက်ခိုက်မှုတွေကြောင့် သုံးဦးသေဆုံး
ဇွန် ၈ ရက်က မုံရွာ၊ ညောင်ပင်တဲရွာမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အစည်းအဝေးလုပ်နေချိန် ဗုံးကြဲတိုက်ခိုက်ခံရလို့ အဖွဲ့ဝင် နှစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
-
RFA Burmese
2024-06-10 -
-
-
စစ်ကိုင်းတိုင်း မုံရွာမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ မြေပြင်ကနေ စစ်ကြောင်းထိုးတိုက်ခိုက်မှုတွေကြောင့် နှစ်ရက်အတွင်း ဒေသခံတစ်ဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးပြီး၊ နောက်ထပ် ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဇွန်လ ၁၀ ရက်နေ့မှာ ပြောပါတယ်။
ဇွန်လ ၈ ရက်နေ့က မုံရွာမြို့နယ် ညောင်ပင်တဲရွာမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက အစည်းအဝေးလုပ်နေချိန် ဗုံးကြဲတိုက်ခိုက်ခံရလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ဇွန်လ ၉ ရက်နေ့မှာတော့ မုံရွာမြို့နယ် သက္ကယ်ကျင်းရွာကို အင်အား ငါးဆယ်ခန့်ပါတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းက ဝင်ရောက်စီးနင်းစဉ် အသက် ၃၀ ဝန်းကျင်အရွယ် ဒေသခံအမျိုးသားတစ်ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ သက္ကယ်ကျင်းရွာသားတစ်ဦးက RFA ကို ပြောပါတယ်။
“သူက ရွာခံတော့ မဟုတ်ဘူး၊ ရွာမှာ ကိုရင်ဝတ်နေတဲ့ သူ့တူကို မန္တလေးကိုခေါ်ဖို့ လာတာ၊ မန္တလေးသားပါ။ စစ်ကြောင်းတွေ ဝင်နေတယ်လို့ပြောတာကို မကြောက်မရွံ့၀င်သွားတာ။ စစ်တပ်က သေနတ်နဲ့လှမ်းပစ်တော့ ဗိုက်ကို နှစ်ချက်ထိပြီး နေရာမှာတင် ဆုံးသွားပါတယ်”
သက္ကယ်ကျင်းရွာကို လွန်ခဲ့တဲ့ မတ်လအတွင်း စစ်ကောင်စီတပ်ရဲ့ ဝင်ရောက်စီးနင်းမှုမှာတော့ ရွာက နေအိမ်လေးရာကျော် မီးရှို့ခံရပြီး ဒေသခံငါးဆယ်နီးပါး ဖမ်းဆီးခံခဲ့ရတယ်လို့ သူက ပြောပါတယ်။
ဖမ်းဆီးခံထားရတဲ့ ဒေသခံ ငါးဆယ်နီးပါးကို မုံရွာမြို့ရဲစခန်းမှာ ချုပ်နှောင်ထားပြီး ဒီနေ့အထိ ပြန်မလွှတ်ပေးသေးဘူးလို့ ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ မဖြေဆိုပါဘူး။
မုံရွာမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ မကြာခဏရှိနေပြီး ဇွန်လ ၄ ရက်နေ့ကလည်း မုံရွာမြို့နယ် ထနောင်းတော (တောင်) ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။