မုံရွာမြို့နယ်မှာ ဒေသခံလူငယ်အမျိုးသား ခြောက်ဦးဖမ်းဆီးခံရ

မုံရွာမြို့နယ် လယ်ဇင်ကျေးရွာကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်စီးနင်းပြီး ရွာခံခြောက်ဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

မုံရွာတွင် စစ်ကောင်စီတပ်သားများ ၂၀၂၁ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့က ကင်းလှည့်နေစဥ်။ Citizen Photo

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် လယ်ဇင်ကျေးရွာကို ဇွန်လ၂၀ ရက်နေ့ နေ့လယ်တစ်နာရီမှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်စီးနင်းပြီး ရွာခံခြောက်ဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

လယ်ဇင်ရွာမှာရှိတဲ့ ဒေသခံ နှစ်ထောင်ခန့်လည်း စစ်ကြောင်းထပ်ဝင်လာမှာ စိုးရိမ်တာကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

လယ်ဇင်ရွာနဲ့ကပ်လျက် ရွာထောင်ရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားသုံးဆယ်ခန့် ဝင်ရောက်စီးနင်းပြီး ရိုက်နှက်ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ အသက်နှစ်ဆယ်ကနေ သုံးဆယ်အရွယ်အကြား အမျိုးသားတွေဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ရွာအလယ်က စာသင်ကျောင်းရှေ့ရောက်မှ သေနတ်ဖောက်တာ။ အဲဒါမှ စစ်ကြောင်းဝင်မှန်း သိကြတာ။ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ ဒေသခံခြောက်ယောက်ကို ဖမ်းသွားတယ်။ နေအိမ်သုံးလုံးလည်း မီးရှို့သွားတယ်။ စစ်ကြောင်းဝင်ချိန်က တစ်နာရီလောက်ပဲ ကြာပါတယ်”

ခြောက်ဦးစလုံးကို ရွာထောင်ရွာဘက် ခေါ်ဆောင်သွားပြီး နောက်ဆက်တွဲအခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံမဖြေဆိုပါဘူး။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇွန်လ ၂၁ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်း သုံးနှစ်ကျော်အတွင်း နိုင်ငံရေးနဲ့ဆက်စပ်ပြီး လူပေါင်း နှစ်သောင်းကျော် (၂၆,၉၀၀ ဦး) ဖမ်းဆီးခံထားရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org