မုံရွာအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၇၀ ကျော် ထောင်ပြောင်းရွှေ့ခံရ
အခုလို အကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသားတွေ ရုတ်တရက် ပြောင်းရွှေ့တဲ့ကိစ္စအတွက် မိသားစုဝင်တွေကိုလည်း အကျဉ်းဦးစီးဌာနက အသိပေးတာမျိုး မရှိဘူးလို့ သူက ဆိုပါတယ်။
- 2022-10-18
-
-
-
စစ်ကိုင်းတိုင်း မုံရွာအကျဉ်းထောင်ထဲက အမိန့်ချခံရပြီးသား နိုင်ငံရေးအကျဉ်းသား ၇၀ ကျော်ကို မန္တလေးတိုင်း မြင်းခြံအကျဉ်းထောင်နဲ့ မကွေးတိုင်း သရက်ထောင်တွေထံ အောက်တိုဘာ ၁၇ ရက် မနေ့က ပြောင်းရွှေ့ လိုက်တယ်လို့ အကျဉ်းထောင်နဲ့နီးစပ်တဲ့ မုံရွာမြို့ခံတွေက ပြောပါတယ်။
အခုပြောင်းရွှေ့လိုက်တဲ့အထဲမှာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)၊ ၅၀၅ (ခ) စတဲ့ ပုဒ်မတွေနဲ့ အမိန့်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအများစု ပါဝင်တယ်လို့ မုံရွာမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“ထောင်ပြောင်းတာ သေချာတယ်။ အများစုကတော့ နိုင်ငံရေးအကျဉ်းသားတွေ။ တခြားပြစ်မှုတွေနဲ့ ကျနေတဲ့ အကျဉ်းသားတွေလည်း ပါနိုင်တယ်။ ဘာကြောင့် ပြောင်းတယ်ဆိုတာတော့ မသိဘူး”
အခုလို အကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသားတွေ ရုတ်တရက် ပြောင်းရွှေ့တဲ့ကိစ္စ အတွက် မိသားစုဝင်တွေကိုလည်း အကျဉ်းဦးစီးဌာနက အသိပေးတာမျိုး မရှိဘူးလို့ သူက ဆိုပါတယ်။
အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးနိုင်ဝင်းကတော့ မုံရွာအကျဉ်းထောင်က အကျဉ်းသားတွေ ပြောင်းရွှေ့တယ်ဆိုတာ မှန်ကန်ပြီး ထောင်တွင်း လူဦးရေအခက်အခဲ ကြောင့်လို့ RFA ကို ပြောပါတယ်။
“လူဦးရေကြောင့်ပါ။ ထောင်တွေမှာကျတော့ ဘယ်လောက်ထားနိုင်တယ်ဆိုပြီး သတ်မှတ်ထားတာရှိတယ်။ အဲဒီရှိတာထက် အင်အားပိုများလာရင် လူဦးရေကျပ်တည်း လာတယ်ဆိုရင် သူတို့နေတာထိုင်တာ ခက်ခဲမှာ ဖြစ်တဲ့အတွက် တခြားနည်းနည်း ချောင်ချောင်ချိချိရှိတဲ့ နေရာတွေ ရွှေ့ပေးတာ။ ထောင်ရဲ့ လုပ်ထုံးလုပ်နည်း တစ်ခုပါပဲ”
ထောင်ပြောင်းရွှေ့တဲ့နေရာမှာ လမ်းခရီးလုံခြုံရေးကြောင့် မိသားစုတွေကို ချက်ချင်း အကြောင်းမကြားတာဖြစ်ပြီး သက်ဆိုင်ရာထောင်သီးသီးကို ရောက်သွားပြီးမှသာ မိသားစုတွေဆက်သွယ်လို့ရကြောင်း အကြောင်းကြား ပေးမယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂ ရက်နေ့ကလည်း မုံရွာအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၇၀ ကျော်ကို ထောင်ပြောင်းရွှေ့ခဲ့တယ်လို့ မုံရွာမြို့ခံတွေက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာလ ၁၇ ရက်နေ့အထိ စာရင်းအရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးချုပ်နှောင်ခံထားရသူ စုစုပေါင်း ၁၂,၆၇၂ ဦးရှိပြီး အဲဒီအထဲက ၁၅၄၈ ဦးကတော့ ထောင်ဒဏ်ချမှတ်ခြင်း ခံထားရ ပါတယ်။