မုံရွာထောင်ဆန္ဒပြပွဲ ပစ်ခတ်နှိမ်နင်းခံရလို့ သေဆုံး၊ ဒဏ်ရာရကြောင်း ဒေသခံအဖွဲ့တွေ ပြော

“ညနေ ငါးနာရီလောက်က ထောင်ထဲကနေ တို့ပြည်သူတွေ ညီရဲ့လားဟေ့ ဆိုတဲ့ ကြွေးကြော်သံတွေ ထွက်တယ်။ နောက်တော့ သေနတ်သံတွေ ကြားရတယ်၊ ပြီးတော့ ဆေးရုံကားတွေနဲ့ ရဲကားတွေ ထောင်ထဲကို တရကြမ်း မောင်းဝင်သွားတယ်၊ မြို့တော်ခန်းမတို့ ဘာတို့မှာ လုံခြုံရေးယူနေတဲ့ စစ်ကားတွေလည်း ထောင်ထဲကို ဝင်သွားကြတယ်။"

မုံရွာအကျဉ်းထောင် ဝင်ပေါက်မျက်နှာစာ။ Photo: Citizen Journalsit

မုံရွာ အကျဉ်းထောင်ထဲမှာ ဧပြီလ ၃ ရက်၊ မနေ့က ညနေ ၅ နာရီခွဲလောက်မှာ အကျဉ်းသားတွေရဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံတွေ ထွက်ပေါ်လာပြီး တဲ့နောက် သေနတ်ပစ်သံတွေ ကြားရပြီး ပစ်ခတ်မှုတွေကြောင့် အကျဉ်းသား တစ်ယောက်သေပြီး ငါးယောက်လောက် ဒဏ်ရာရထားတယ်လို့ အမည်မဖော်လိုတဲ့ မုံရွာဒေသခံတွေက RFA ကိုပြောပါတယ်။

ထောင်ထဲကို ဆေးရုံကားတွေ၊ ရဲကားတွေ၊ စစ်ကားတွေ ဝင်သွားကြတာ တွေ့တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

“ညနေ ငါးနာရီလောက် စသိရတာပေါ့လေ။ မုံရွာအကျဉ်းထောင်ထဲမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံတွေ ကြားလာရတယ်ပေါ့။ တို့ပြည်သူတွေ ညီရဲ့လားဟေ့ ဆိုတဲ့ အသံတွေ ကြားရတယ်။ ပြီးတော့ သေနတ်သံတွေ ကြားလာရတယ်လို့ သိရတယ်ဗျ။ အကျဉ်းထောင်ထဲမှာ ဆန္ဒပြသံတွေနဲ့ အတူ သေနတ်သံတွေ ကြားရတယ်ပေါ့လေ။ မြို့အနှံ့က မြို့ထဲခန်းမမှာ ရှိတဲ့ စစ်ကားတွေရော မြို့ပေါ် မှာ စစ်ဆေးဖို့ ရှိနေတဲ့ စစ်ကားတွေကရော အကျဉ်းထောင်ဘက်ကို ထွက်သွားကြတယ် ဆိုတဲ့ ပုံစံမျိုးတွေ ကျနော်တို့ ဒေသခံတွေပြောတဲ့ အသံတွေ ပြီးတော့ မြင်တွေ့နေရတဲ့ အခြေအနေတွေ ရှိတယ်ဗျ”

အဲဒီနောက် မုံရွာမြို့ပေါ်မှာ ည ၉ နာရီလောက်အထိ ပေါက်ကွဲသံတွေ၊ တစ်ဖက်နဲ့ တစ်ဖက် ပစ်ခတ်သံတွေ ကြားရပြီး မုံရွာမြို့ခံတွေ သတိထားနေရတယ်လို့ ပြောပါတယ်။

မုံရွာ အကျဉ်းထောင်ထဲ ဆန္ဒပြတာကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ပစ်ခတ်သံတွေ ကြားရပြီး ထောင်ထဲကို စစ်ကားတွေနဲ့ ဆေးရုံကားတွေ ဝင်သွားတဲ့ အကြောင်းကိုလည်း မုံရွာ လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် တစ်ယောက်က RFA ကိုပြောပါတယ်။

အကျဉ်းထောင်အတွင်း ပစ်ခတ်သံတွေ ပေါ်ထွက်လာပြီးတဲ့နောက် မုံရွာမြို့က ၁၀ နေရာလောက်မှာ ပေါက်ကွဲသံတွေ ကြားလိုက်ရတယ်လို့ ဒေသခံ နောက်တစ်ယောက်ကလည်း ပြောပါတယ်။

“လက်နက်ကြီးသံတွေကတော့ ကြားပါတယ်ဗျ။ မုံရွာ မြို့တစ်မြို့လုံးမှာတင် ပေါက်ကွဲနေတာတွေက အများကြီးရှိတယ်။ ၁ဝ နေရာထက် မနည်းလောက်ဘူး။ ၄ နာရီခွဲ ၅ နာရီဝန်းကျင်လောက်က ဖြစ်မယ်”

မုံရွာထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေနဲ့ အခြားအကျဉ်းသားတွေဆန္ဒပြတာ အကြမ်းဖက်ဖြိုခွဲ ခံနေရတယ်လို့ ဒေသကာကွယ်ရေး အဖွဲ့တွေဖြစ်တဲ့ အမိမြေတော်လှန်ရေးတပ်ဖွဲ့နဲ့ မဟာမိတ်အဖွဲ့ တွေကလည်း မနေ့ညက ကြေညာချက် ထုတ်ကြပါတယ်။

ထောင်တွင်း အကြမ်းဖက်ပစ်ခတ်တာတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ မုံရွာမြို့က ၅ နေရာမှာ ဗုံးဖောက်ခွဲခဲ့တယ်လို့ ဒဿမုံရွာ PDF ပြောက်ကျားတပ်ဖွဲ့က ဗိုလ်ဒဿက ပြောပါတယ်။

“၅ နာရီ ၃၀ ဝန်းကျင်ခန့်မှာ အပြင်မထွက်ဖို့ ကျနော်တို့ ထုတ်ပြန်ခဲ့ပါတယ်ဗျ။ မုံရွာထောင်မှာ ဖြစ်ပျက်ခဲ့တာနဲ့ ပတ်သက်ပြီးတော့ စစ်အာဏာရှင် ဆန့်ကျင်ရေး အတွက် ကျနော်တို့ မဟာမိတ်လေးဖွဲ့ပေါင်းပြီးတော့ ဖောက်ခွဲမှုတွေ ပြုလုပ်ခဲ့တယ်”

မဟာမိတ်တွေဖြစ်တဲ့ ဒဿမုံရွာ PDF အဖွဲ့၊ မုံရွာ Generation Tiger၊ မုံရွာ Special ဒိတ်ဒိတ်ကျဲနဲ့ နောက်အဖွဲ့သစ်တို့ ဖြစ်တယ်လို့ ပြောပါတယ်။ မုံရွာမြို့တွင်း နေရာတော်တော် များများကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပိုက်စိပ်တိုက် စစ်ဆေးနေတယ် လို့လည်း မြို့ခံတွေက ပြောပါတယ်။

ထောင်တွင်း ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူကိစ္စကို RFA က သီးခြားစုံစမ်းဖို့ အခက်အခဲရှိနေသေးသလို မုံရွာအကျဉ်းထောင် အာဏာပိုင်တွေကိုလည်း ဆက်သွယ်နေဆဲဖြစ်ပါတယ်။ စစ်ကောင်စီကလည်း ဒါနဲ့ပတ်သက်လို့ လတ်တလော သတင်းထုတ်ပြန်တာမရှိသေးသလို၊ ပြောခွင့်ရပုဂ္ဂိုလ်ကို မေးမြန်းဖို့ကြိုးစားနေပါတယ်။

မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီကတော့ မုံရွာအကျဉ်းထောင်ထဲက ရဲဘော်တွေကို ဝန်းရံကြဖို့ ဒီနေ့ညနေပိုင်းမှာ ကြေညာထုတ်ပြီး ပန်ကြားထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org