မုံရွာမှာ လက်နက်ကြီးကြောင့် ဒေသခံ လေးဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရ
မုံရွာမြို့နယ် ထနောင်းတော (တောင်) ရွာမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ဒေသခံ လေးဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
-
RFA Burmese
2024-02-12 -
-
-
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ထနောင်းတော (တောင်) ရွာမှာ ဖေဖော်ဝါရီ ၁၂ ရက် နေ့လယ်ပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ဒေသခံ လေးဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးထိခိုက်သူ အားလုံးဟာ အမျိုးသားတွေဖြစ်ကြပြီး ဒဏ်ရာရသူတွေကတော့ မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။
လက်နက်ကြီးကျည်ဟာ လက်ဖက်ရည်ဆိုင်ပေါ်တည့်တည့် ကျရောက်ပေါက်ကွဲခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“လက်ဖက်ရည်ဆိုင်ပေါ် တည့်တည့်ကျတာ။ ကျပိုင် (ရွာ) က နွားပွဲစား တစ်ယောက်ပါတယ်။ ထနောင်းတော လက်ဖက်ရည်ဆိုင်က ညီအစ်ကို နှစ်ယောက် ပါတယ်။ နောက်တစ်ယောက်က ခရီးသွားပဲ”
အဲဒီ လက်နက်ကြီးကျည်ကို မုံရွာ - မန္တလေး လမ်းပိုင်း၊ မအူဂိတ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လှမ်းပစ်တာလို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
ထနောင်းတောရွာမှာ လွန်ခဲ့တဲ့ ဆယ်ရက်ခန့်က ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်တာရှိခဲ့ပေမယ့် ဒီရက်ပိုင်းတော့ တိုက်ပွဲဖြစ်တာမရှိဘူးလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ဖေဖော်ဝါရီ ၁၁ ရက်နေ့ကလည်း မုံရွာမြို့မှာ အမျိုးသားနဲ့ အမျိုးသမီး ဒေသခံ ငါးဆယ်ခန့်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။