စစ်တွေမှာ ၂၄ နာရီအတွင်း ပိုးတွေ့လူနာ (၄၅) ဦးထပ်တိုး

ရခိုင်တစ်ပြည်နယ်လုံးမှာဆိုရင်တော့ ပိုးတွေ့လူနာ (၄၄၇) ဦးအထိရှိသွားပြီးဖြစ်ပြီး ရောဂါကူးစက်ခံရတဲ့သူဦးရေ တနေ့တခြားတိုးလာနေဆဲပါ။

စစ်တွေမြို့မှာ ပိုးသတ်ဆေးဖျန်းနေတဲ့ စေတနာ့ဝန်ထမ်းတစ်ဦး နီမင်းထွန်း/ RFA

ရခိုင်ပြည်နယ်အတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာ ၅၁ ဦးထပ်တွေ့တယ်လို့ ဒီနေ့ စက်တင်ဘာလ ၂ ရက်နေ့ ညနေပိုင်းမှာ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။

စစ်တွေမြို့က (၄၅) ဦးနဲ့ ကျောက်တော်၊ ကျောက်ဖြူ၊ မြောက်ဦးစတဲ့မြို့နယ်တွေက နှစ်ဦးစီဖြစ်ပါတယ်။

သြဂုတ်လ ၁၆ ရက်နေ့ကစလို့ စစ်တွေတစ်မြို့တည်းမှာ ပြည်တွင်းကူးစက်ခံရတဲ့ ကိုရိုဗိုင်းရပ်စ်ပိုးတွေ့ လူနာ (၂၅၁) ဦးအထိရှိသွားပါပြီ။

ရခိုင်တစ်ပြည်နယ်လုံးမှာဆိုရင်တော့ ပိုးတွေ့လူနာ (၄၄၇) ဦးအထိ ရှိသွားပြီးဖြစ်ပြီး ရောဂါကူးစက်ခံရသူဦးရေ တနေ့တခြားတိုးလာနေဆဲပါ။

ရခိုင်တပြည်နယ်လုံးက ပြည်သူတွေအနေနဲ့ မလိုအပ်ပဲ အိမ်အပြင်မထွက်ဖို့ Stay at home အမိန့်ကို အစိုးရကထုတ်ပြန်ထားပါတယ်။

ဒီအတောအတွင်းမှာပဲ စစ်တွေ၊ ကျောက်ဖြူ၊ အမ်း၊ တောင်ကုတ်၊ ဂွနဲ့ မာန်အောင် မြို့နယ်တွေမှာလည်း ညကိုးနာရီကနေ နောက်တနေ့ မနက် ၄ နာရီအထိ ညမထွက်ရအမိန့်ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွေက ထုတ်ပြန်ထားပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ညပိုင်းထုတ်ပြန်ချက်အရ ဒီကနေ့ ပိုးတွေ့လူနာတွေထဲမှာ မန္တလေးတိုင်း ချမ်းအေးသာဇံမြို့နယ်က နှစ်ဦး၊ မြင်းခြံမြို့နယ်က တစ်ဦးနဲ့ မွန်ပြည်နယ် မော်လမြိုင်၊ ကျိုက်ထိုနဲ့ မုဒုံမြို့နယ်တို့က တစ်ဦးစီပါဝင်တယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org