မြောင်မြို့နယ်၊ ရွာ သုံးရွာမှာ နှစ်ရက်အတွင်း အိမ် တစ်ရာကျော် မီးရှို့ခံရ
စစ်ကိုင်းတိုင်း မြောင်မြို့နယ်ထဲက ကျေးရွာအများစုဟာ စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေကြတာမို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ စခန်းချတဲ့ရွာတွေနဲ့ PDF တွေကို ထောက်ပံ့တယ်လို့ ယူဆတဲ့ ရွာတွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
- 2022-05-21
-
-
-
စစ်ကိုင်းတိုင်း မြောင်မြို့နယ်ထဲက ကျေးရွာအများစုဟာ စစ်ကောင်စီကို ဆန့်ကျင်တော် လှန်နေကြတာမို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ စခန်းချတဲ့ရွာတွေနဲ့ PDF တွေကို ထောက်ပံ့တယ်လို့ ယူဆတဲ့ ရွာတွေကို မီးရှို့ဖျက် ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မေလ ၂ဝ ရက် မနေ့က မယ်မသော်ရွာမှာ နေအိမ် ၁ဝဝ ဝန်းကျင်မီးရှို့ခံရပြီး ဒီနေ့ မေလ ၂၁ ရက်မှာ နေပူကုန်းရွာနဲ့ နဂါးပေါက်ရွာတို့မှာလည်း နေအိမ်တွေမီးရှို့ခံနေရပါတယ်။
"ရွာထဲ သူတို့ရောက်ပြီး တစ်နာရီလောက်အကြာမှာ မီးရှို့တယ်"
မနေ့က မယ်မသော်ရွာထဲ စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် ရွာခံတွေက ဘေးလွတ်ရာပြေးနေကြတယ်လို့ နေအိမ်မီးလောင်ဆုံး ရှုံးခဲ့တဲ့ မယ်မသော်ရွာ သားတစ်ဦး က RFA ကို ပြောပါတယ်။
“ရွာကို သုံးနေရာခွဲရှို့တာ၊ အိမ်ဆိုရင် နံကပ်တိုက်တထပ်ရယ်၊ နွားစာတိုက်ရယ်၊ နွားတဲတွေရယ် အကုန်ပါတာ၊ အခုကတော့ ဖြစ်သလိုပေါ့၊ အမျိုးတွေဆီနေတယ်၊ နွားတွေလည်း သူများအိမ်ထားတယ်။ အိမ် ကိုပဲ ရှို့လို့ရမှာပါ။ စိတ်ဓာတ်ကတော့ ရှို့လို့မရဘူး၊ အကြမ်းဖက်စစ်အုပ်စုကို အမြဲတိုက်ထုတ်နေမှာပါ“
မယ်မသော်ရွာဟာ အိမ်ခြေ ၃၀၀ နီးပါးရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မီးရှို့ပြီးထွက် သွားချိန် ဝင်ရောက်မီးငြှိမ်းသက်နိုင်ခဲ့လို့ ဆုံးရှုံးမှုနည်းခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ မြောင်မြို့နယ်ထဲကို နေ့စဉ်နီးပါး စစ်ကြောင်းထိုးနေတာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားတာမရှိဘဲ နေအိမ်တွေကို မီးရှို့နေတာလို့ ဒေသခံတွေကပြောပါတယ်။
မေလ ၂၁ ရက် ဒီမနက်ပိုင်းမှာ နဂါးပေါက်နဲ့ နေပူကုန်းရွာတွေထဲ စစ်ကောင်စီတပ်တွေက သေနတ်ပစ်ဖောက် ဝင်လာပြီးတဲ့နောက် ရွာကိုမီးတန်းရှို့တာပဲလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
“ဒီနေ့ကျတော့ နေပူကုန်းရှို့တယ်။ နဂါးပေါက်ရွာ ရှို့တယ်။ ဒေသခံတွေကတော့ အဲဒီ နားကရွာတွေမှာ ရှောင်နေရတယ်။ ကိုယ်နဲ့ရင်းနှီးရာ ရွာတွေမှာ ရှောင်နေရတယ်။ ရွာထဲလည်း ပြန်မဝင်ရဲကြသေးဘူး၊ ထိတွေ့တိုက်ပွဲလည်းမရှိဘဲ ဝင်ရှို့တာ၊ PDF တွေကို ထောက်ပံ့နေတာကို မထောက်ပံ့နိုင်အောင် အခုလို လုပ်နေတာ“
မြောင်မြို့နယ်အတွင်းမှာ ခြေကျင်စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီအင်အား ၁ဝဝ ဝန်းကျင်ထဲမှာ ပျူစောထီးက ၅ဝ ဝန်းကျင်လောက်ပါရှိပြီး အများစုက အရပ်ဝတ်တွေ ဝတ်ဆင်ထားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နေပူကုန်းရွာနဲ့ နဂါးပေါက်ရွာတို့ဟာ မနက်ပိုင်းက မီးရှို့ခံရတာဖြစ်ပြီး ဒေသခံရွာသား တွေက မီးလောင်ဆုံးရှုံးခဲ့တဲ့ အရေအတွက် အတိအကျတော့ မပြောနိုင်သေးဘူးလို့ ပြောပါတယ်။
အဲဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရွာတွေထဲ အခုလိုမီးရှို့နေတာဟာ သူတိုရဲ့ ဘာမဆိုလုပ်ရဲ တယ်ဆိုတာကို ပြသနေတာပဲလို့ မြောင်မြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ယောက်က ပြောပါတယ်။
“စစ်သားတွေဟာ ပေါက်ချောင်းကနေ မယ်မသော်ရွာကို လက်နက်ကြီးပစ်ဝင်တယ်။ ရွာထဲ သူတို့ရောက်ပြီး တစ်နာရီလောက်အကြာမှာ မီးရှို့တယ်။ လေအတင်ကနေရှို့တာ တော်တော်များများ ပါသွားတယ်။ နောက် ဆီပေပါရှိတဲ့အိမ်တွေက ဆီတွေပေါက်ကွဲ တယ်၊ မင်းအောင်လှိုင်အနေနဲ့ ဘာမဆိုလုပ်ရဲတယ်ဆိုတာကို ပြသနေတာ”
လတ်တလောမှာတော့ စစ်ကောင်စီတပ်သားတွေဟာ ဘုန်းကောင်းကျေးရွာကို ရောက်ရှိနေ တယ်လို့ ဆိုပါတယ်။
မြောင်မြို့နယ်ဟာ အင်တာနက် ဖြတ်တောက်ခံထားရတာ သုံးလခန့်ရှိနေပြီဖြစ်ပြီး ဒီရက် ပိုင်းအတွင်း နေအိမ်မီးရှို့ခံရတာတွေ ဆက်တိုက်ဖြစ်ပွားနေကာ တစ်ပတ်အတွင်း ရွာပေါင်း ၁၀ ရွာထက်မနည်းက နေအိမ် ၂ဝဝ ဝန်းကျင် မီးရှို့ခံနေရတယ်လို့ ဒေသခံတွေက ပြောပါ တယ်။
စစ်ကောင်စီစစ်ကြောင်းထိုးဝင်နေတာကြောင့် ဒီကနေ့မှာလည်း ဘုန်းကောင်းရွာ၊ နေပူ ကုန်းရွာ အပါအဝင် ရွာငါးရွာလောက်က ဒေသခံ ၂ဝဝဝ ဝန်းကျင် တိမ်းရှောင်နေကြရတယ် လို့ ဆိုပါတယ်။
Data for Myanmar အဖွဲ့ရဲ့ ၂ဝ၂၂ ခုနှစ် မေလေ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းချိန်ကစလို့ အခုနှစ် မေလ ၁ ရက်အထိ တစ်နှစ်ကျော်ကာလအတွင်း မြန်မာတစ်နိုင်ငံလုံးမှာ နေအိမ် ၁၁၄၁၇ လုံး မီးရှို့ခံခဲရပြီး စစ်ကိုင်းတိုင်းက ၇၅ဝ၃ လုံးနဲ့ မီးရှို့ခံရမှု အများဆုံးလို့ ထုတ်ပြန်ထားပါတယ်။