စစ်ကိုင်းနဲ့ မကွေးတိုင်းထဲက ရွာပေါင်း သုံးရွာက အိမ်ခြေ တစ်ရာကျော် မီးရှို့ခံရ
ဧပြီ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ထဲက ရှောက်ခါးရွာ၊ မကွေးတိုင်း ငဖဲမြို့နယ်က ရှိန်းခါးရွာနဲ့ ရှစ်ခုရွာတွေက နေအိမ် အလုံးပေါင်း ၁ဝဝ ကျော် မီးရှို့ခံရတာလို့ ဒေသခံတွေက ပြောပါတယ်။
- 2022-04-09
-
-
-
ဧပြီ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ထဲက ရှောက်ခါးရွာ၊ မကွေးတိုင်း ငဖဲမြို့နယ်က ရှိန်းခါးရွာနဲ့ ရှစ်ခုရွာတွေက နေအိမ် အလုံးပေါင်း ၁ဝဝ ကျော် မီးရှို့ခံရတာလို့ ဒေသခံတွေက ပြောပါတယ်။
အရာတော်မြို့နယ်က ရှောက်ခါးရွာကို ဧပြီလ ၈ ရက် မနေ့မနက်က အင်အား ၁ဝဝ ကျော်ရှိတဲ့ စစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီးနောက် နေအိမ် ၆၇ လုံး မီးလောင်ခဲ့ပြီး ရွာသားတစ်ယောက် လက်နက်ကြီးထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက် အရ သိရပါတယ်။
"အိမ်ခြေ ၆၇ လုံး မီးရှို့ခံရတယ်၊ စစ်တပ်ကပဲရှို့တာ“
စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေလည်း အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ အိမ်မီး လောင်ဆုံးရှုံးခံခဲ့ရတဲ့ ရှောက်ခါးရွာ ဒေသခံတစ်ယောက်က ပြောပါတယ်။
“၈ ရက်နေ့မနက်ခင်း ၃ နာရီလောက် ဝင်လာတယ်။ လာတာသိတော့ လမ်းမီးတွေဖျက် လိုက်တော့ သေနတ်တွေနဲ့ပစ်တယ်။ ပစ်တဲ့အချိန်မှာ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ရွာသူရွာသားတွေ ထွက်လို့ရအောင် ပြန်ပစ်တယ်။ ၁၅ မိနစ်လောက် အပြန်အလှန် ပစ်တယ်။ အဲဒီကြားမှာ သူတို့က လက်နက်ကြီးတွေ သုံးလာတယ်။ ရွာထဲက ပြည်သူတွေ တစ်ရွာလုံးနီးနီး ထွက်ပြေးနိုင်တယ်။ သို့သော် ပြည်သူ တစ်ယောက်ကတော့ လက်နက် ကြီးမှန်ပြီး သေသွားတယ်။ အိမ်ခြေ ၆၇ လုံး မီးရှို့ခံရတယ်၊ စစ်တပ်ကပဲရှို့တာ“
လက်နက်ကြီးထိမှန် သေဆုံးသွားသူဟာ အသက် ၂၅ အရွယ် ကိုရွှေသင်းဆိုသူဖြစ်တယ်လို့ ဆိုပါတယ်။
ရှောက်ခါးရွာဟာ အိမ်ခြေ ၃ဝဝ ကျော်ရှိပြီး လက်တလောမှာတော့ ရွာသားတွေက နီးစပ်ရာ ရွာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ရှောက်ခါးရွာကို စစ်ကောင်စီတပ်က အခုလို ဝင်ရောက်တာ လေးကြိမ်ရှိပြီဖြစ်ပါတယ်။ ဒုတိယအကြိမ်မှာ နေအိမ် နှစ်လုံး မီးရှို့ခံခဲ့ရပြီး တတိယအကြိမ်မှာ နေအိမ် အလုံး ၂ဝ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧပြီ ၇ ရက်ညပိုင်းမှာတော့ မကွေးတိုင်း ငဖဲ မြို့နယ်ထဲက ရှိန်းခါးရွာနဲ့ ရှစ်ခုရွာကို မီးရှို့ သွားတယ်လို့ အမည်မဖော်လိုတဲ့ ငဖဲမြို့ခံတစ်ယောက်က ပြောပါတယ်။
"ဧပြီလ ၇ ရက်နေ့ ညပိုင်းမှာ မီးရှို့တာဗျ။ သူတို့က တပ်ဆုတ်ရင်းနဲ့ ရွာနှစ်ရွာကို ဖြတ်ရ တော့ အဲဒီရွာကို မီးရှို့သွားတာဗျ။ အဲဒီရွာမှာ သူတို့ဆုတ်သွားချိန် လူမနေတော့ဘူး။ တစ်ရွာမှာ အိမ်ခြေ ၃၀ လောက်ရှိမယ်။ နှစ်ရွာလုံး အိမ်ခြေ ၆၀ လောက်ပါသွားတယ်။ ဘုန်းကြီးကျောင်းပါ မီးလောင်သွားတာပါဗျ။ တစ်ရွာက ခရစ်ယာန်ရွာဖြစ်ပြီး တစ်ရွာက ဗုဒ္ဓဘာသာရွာဖြစ်တယ်ဗျ။ နှစ်ရွာလုံး ဘုန်းကြီးကျောင်းရော၊ ဘုရားကျောင်းရော ပါသွားတယ်ပေါ့နော်"
ဒီမီးလောင်ကျွမ်းမှုကြောင့် ထိခိုက်၊ သေဆုံးသူ မရှိပေမယ့် အိမ်အလုံး ၆ဝ ကျော် ပျက်စီး ဆုံးရှုံးခဲ့ရတယ်လို့ သူက ပြောပြပါတယ်။
ဒါ့အပြင် စစ်ကောင်စီက ဆက်လက်စစ်ကြောင်းထိုးနေတာကြောင့် ရှိန်းခါးနဲ့ ရှစ်ခုရွာ တို့အပါအဝင် အနီးအနားက သက္ကယ်တောင်၊ သက္ကကျင်း၊ ဆင်ခြင်ဖို စတဲ့ ရွာငါးရွာမှာရှိတဲ့ အိမ်ခြေ ၁၅ဝ က ရွာခံတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
ငဖဲမြို့နယ်ထဲက ဒေသခံ အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသား ငါးယောက်ကိုလည်း PDF ကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ PRA - Magway အဖွဲ့က ပြောပါတယ်။
ခုလို စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက ရွာသုံးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးနေတာ ရွာသားတွေ ထိခိုက်သေဆုံးတာတွေနဲ့ ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း ထုတ်ပြန်တာ မတွေ့ရ သေးပါဘူး။
စစ်ကောင်စီတပ်တွေဟာ ဧပြီလ ၆ ရက်နေ့ကနေ ဒီနေ့အထိ ငဖဲမြို့နယ်ထဲကို ဂျက်လေ ယာဉ် တစ်စီးနဲ့ ဝေဟင်ကနေ နေ့စဉ်ဆိုသလို ပစ်ခတ်တိုက်ခိုက်နေတယ်လို့ PRA - Magway ရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံက RFA ကို ပြောပါတယ်။
Data for Myanmar အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ အခုနှစ် မတ်လ ၃၁ ရက်နေ့အထိ စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေက မီးရှို့လို့ နေအိမ် အလုံးပေါင်း ၇၉၇၃ လုံး ပျက်စီးခဲ့ တယ်လို့ အခုလ ၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။