ပေါက်မြို့နယ်မှာ စစ်ကြောင်းထိုးလို့ ဒေသခံ ၃၀၀၀ ကျော်ထွက်ပြေး
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ တောင်မြင့်ရွာကို စစ်ကောင်စီတပ်တွေ စီးနင်းခဲ့တာကြောင့် အောက်တိုဘာ ၁၆ရက် ဒီနေ့မနက်ပိုင်း အရပ်သား ၃၀၀၀ ကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
- 2022-10-16
-
-
-
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ တောင်မြင့်ရွာကို စစ်ကောင်စီတပ်တွေ စီးနင်းခဲ့တာကြောင့် အောက်တိုဘာ ၁၆ရက် ဒီနေ့မနက်ပိုင်း အရပ်သား ၃၀၀၀ ကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တောင်မြင့်ရွာနဲ့ အနီးအနားက ဒေါသာ၊ တောင်ချို၊ သပွတ်စု၊ သရက်လေးပင်ရွာတွေက ဒေသခံတွေပါ ထွက်ပြေးတိမ်းရှောင်နေကြတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"သီးခြောက်ရွာကနေ ထွက်လာတဲ့ စစ်ကြောင်းက တောင်မြင့်ကို ဆက်ဝင်တာ။ တောင်မြင့်နဲ့ ကပ်နေတဲ့ ရွာလေးရွာက ဒေသခံအကုန် ယောချောင်းကို ဖြတ်ပြီး ရှောင်နေရတယ်။ ဒီစစ်ကြောင်းက တစ်ရွာဝင်တစ်ရွာထွက် သွားနေမယ့်ပုံစံရှိတယ်။ အခုက တောင်မြင့်ရွာကို ကပ်လို့တောင်မရဘူး"
တောင်မြင့်ရွာဟာ နေအိမ် ၃၀၀ ကျော်ရှိပြီး ဩဂုတ်လတွင်းကလည်း စစ်ကောင်စီ တပ်သားတွေက ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၄၇ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သူကပြောပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အောက်တိုဘာလ ၁ ရက်က ထုတ်ပြန်တဲ့အစီရင်ခံစာမှာတော့ ပဋိပက္ခနဲ့ မလုံခြုံမှုကြောင့် မကွေးတိုင်းအတွင်း အရပ်သား ၁၀၁,၃၀၀ ဦး အိုးအိမ်စွန့်ခွာထွက်ပြေးနေတယ်လို့ ဖော်ပြထားပါတယ်။