ရေဘေးကြိုတင်ကာကွယ်ရေး လွှတ်တော်မှာ ဆွေးနွေး
နိုင်ငံအဝန်းရေကြီးနိုင်တဲ့ နေရာအားလုံး ကြိုတင်ကာကွယ်ရေးအစီအမံတွေ ကို ပြည်ထောင်စုအစိုးရအနေနဲ့ လုပ်ဆောင်ထားသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဆယ်ဦးတို့က ပြည်သူ့လွှတ်တော်မှာ ဒီကနေ့ ဆွေးနွေးကြ ပါတယ်။
-
2016-08-04 -
-
-
Your browser doesn’t support HTML5 audio
နိုင်ငံအဝန်းရေကြီးနိုင်တဲ့ နေရာအားလုံး ကြိုတင်ကာကွယ်ရေးအစီအမံတွေကို ပြည်ထောင်စုအစိုးရအနေနဲ့ လုပ်ဆောင်ထားသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်ဆယ်ဦးတို့က ပြည်သူ့လွှတ်တော်မှာ ဒီနေ့ ဆွေးနွေး ကြပါတယ်။
လွန်ခဲ့တဲ့ ၁၉၇၄ ၊ ၁၉၈၄ နဲ့ ၂၀၀၄ ခုနှစ်တွေက ငဝန်ရေကာတာနိမ့်ကျခဲ့တဲ့ အစဉ်အလာတွေရှိခဲ့တယ် လို့ ရေကြည်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစံရွှေဝင်း က ဆွေးနွေးခဲ့ပါတယ်။
"ဒီတာအနေနဲ့ ၁၉၇၄ ခုနှစ်က တစ်ကြိမ်၊ ၁၉၈၄ ခုနှစ်က တစ်ကြိမ်၊ ၂ဝဝ၄ ခုနှစ်က တစ်ကြိမ် ၁ဝ ပေ ၁၅ ပေခန့် တာများ ရုတ်တရက်နိမ့်ကျခဲ့တဲ့ အစဉ်အလာများရှိခဲ့ပြီး ပြည်သူလူထုများရဲ့ ဝိုင်းဝန်းကြိုးပမ်းမှုကြောင့် တာကျိုးတဲ့ အဆင့် မရောက်ခဲ့တာပါ၊ ဒါပေမဲ့ ၂ဝ၁၅ ခုနှစ်မှာတော့ တစ်လခွဲခန့် စိုးရိမ်ချိန်အမှတ်အထက် ၄ ပေကျော် တက်ပြီးတော့ ဒီဒေသမှာရှိတဲ့ပုဂ္ဂိုလ်များအားလုံးအနေနဲ့ စိုးရိမ်ပြီး အထိတ်တလန့်နဲ့ နေခဲ့ကြရပါတယ်"
ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ် မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းသိန်း တင်သွင်း ထားတဲ့ ဧရာဝတီတိုင်းက ဧရာဝတီမြစ်နဲ့ ငဝန်မြစ်ကို ကာရံထားတဲ့ ရေကာတာတွေ ဒီနှစ်မိုးရာသီမှာ ကြိုတင် အစီအမံများ ချမှတ်ဆောင်ရွက်ထားရေးအဆိုကို လွှတ်တော်ကိုယ်စားလှယ်တွေက ထောက်ခံဆွေးနွေးကြ တာဖြစ်ပါတယ်။
ငဝန်ရေကာတာကို ၁၈၇၁ ခုနှစ်က လေးမျက်နှာ၊ ရေကြည်၊ ငသိုင်းချောင်းမြို့နယ်တွေကိုဖြတ်ပြီး မိုင် ၇၀ ကျော် အရှည်ရှိတဲ့ ဆည်ဖြစ်ပါတယ်။
လက်ရှိမှာ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းတွေမှာလည်း ရေကြီးခဲ့ပြီး ဧရာဝတီမြစ်တလျှောက် စီးဆင်းလာတဲ့ရေတွေဟာ မြစ်ဝကျွန်းပေါ်ဒေသဆီ ရောက်လာနေပြီ ဖြစ်ပါတယ်။
လူတစ်သိန်းကျော်ဟာလည်း ရေဘေးဒဏ်ခံနေရတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
အဲ့ဒီအဆိုကို ဒီကနေ့ ဆုံးဖြတ်ချက်မချဘဲ မနက်ဖြန်မှာလည်း လွှတ်တော်ကိုယ်စားလှယ်တွေက ဆက်လက်ဆွေးနွေး ကြမှာ ဖြစ်ပါတယ်။
RFA သတင်းထောက် ကိုဝင်းနောင်တိုး ပေးပို့တာကို RFA သတင်းထောက် ကိုထက်အာကာ က တင်ပြထားပါတယ်။