ကျောက်မီးသွေးသုံး MCL ဘိလပ်မြေစက်ရုံကို လစဉ်စစ်ဆေး ဖို့ ပြည်ထောင်စုဝန်ကြီး ညွှန်ကြား
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပျားတောင်ဒေသမှာရှိတဲ့ ကျောက်မီးသွေးလောင်စာသုံး MCL ဘိလပ်မြေစက်ရုံကို သဘာဝပတ်ဝန်းကျင်ဆန်းစစ်ချက်တွေ လစဉ်စစ်ဆေးဖို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း က ညွှန်ကြားထားတယ်လို့ သိရပါတယ်။
-
2017-06-26 -
-
-
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပျားတောင်ဒေသမှာရှိတဲ့ ကျောက်မီးသွေးလောင်စာသုံး MCL ဘိလပ်မြေစက်ရုံကို သဘာဝပတ်ဝန်းကျင်ဆန်းစစ်ချက်တွေ လစဉ်စစ်ဆေးဖို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း က ညွှန်ကြားထားတယ်လို့ သိရပါတယ်။
MCL ဘိလပ်မြေစက်ရုံကို ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်နေ့က ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် ပထမဆုံးအကြိမ် သွားရောက်စစ်ဆေးပြီး လစဉ်စစ်ဆေးဖို့ညွှန်ကြားခဲ့တာဖြစ်တယ်လို့ မွန်ပြည်နယ် သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်း က ပြောပါတယ်။
ထိုင်းနိုင်ငံသားပိုင် MCL ဘိလပ်မြေစက်ရုံက သဘာပတ်ဝန်းကျင်ဆန်းစစ်ချက် EIA တစ်စောင်ကို လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်က ရင်းနှီးမြုပ်နှံမှုကောင်မရှင်ထံတင်သွင်းခဲ့ပေမယ့် လိုအပ်ချက်တွေ ရှိတာကြောင့် ပြန်လည်တင်သွင်းဖို့ ညွှန်ကြားခံထားရပါတယ်။
အခုနောက်ပိုင်း အစိုးရသစ်လက်ထက်မှာ ကျောက်ထုတ်တဲ့အတွက် EIA တစ်စောင်၊ ဘိလပ်မြေစက်ရုံအတွက် EIA တစ်စောင်၊ ကျောက်မီးသွေးသုံးပြီး မဂ္ဂါဝပ် ၄ဝ လျှပ်စစ်ထုတ်ယူမှုအတွက် EIA တစ်စောင် စုစုပေါင်း EIA သုံးစောင် နဲ့ ပစ္စည်းအတင်အချပြုလုပ်တဲ့ ဆိပ်ခံတံတားအတွက် IEE တစ်စောင်တင်သွင်းဖို့ ညွှန်ကြားထားပြီး EIA ၃စောင်ကို လက်ရှိ ပြည်ထောင်စုဝန်ကြီးဌာနထံ တင်သွင်းထားတယ်လို့ ဒေါက်တာမင်းကြည်ဝင်း က ပြောပါတယ်။
MCL ကုမ္ပဏီက လျှပ်စစ်မီးကို ကျောက်မီးသွေးလောင်စာသုံးပြီး ထုတ်ယူနေတာကြောင့် ဒေသခံတွေက ကန့်ကွက် စာတွေပေးပို့ထားသလို ပြည်နယ်အစိုးရကလည်း သတ်မှတ်စံချိန် စံညွှန်းနဲ့ ကိုက်ညီမှုရှိမရှိကို စမ်းသပ်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ MCL ကုမ္ပဏီက ကျောက်မီးသွေးလောင်စာသုံးပြီး လျှပ်စစ်မီးထုတ်လုပ်နေတာကို ကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။