ကားတိုက်ဖြိုခွင်းဖမ်းဆီးခံရတဲ့ MPA သတင်းထောက်ကို စစ်ကြောရေးပို့

ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းမှာ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာ ၅ ရက်နေ့က ဆန္ဒပြပွဲကို စစ်ကောင်စီ တပ်က ကားနဲ့ဝင်တိုက်ပြီး ဖြိုခွင်းခံရချိန် ဖမ်းဆီးခံခဲ့ရတဲ့ သတင်းထောက် မမှူးရတနာခက် မို့မို့ထွန်းဟာ ဇန်နဝါရီ ၁၁ ရက် ဒီနေ့ မနက်ပိုင်းမှာ ရွှေပြည်သာ မြို့နယ်က စစ်ကြောရေးစခန်းကို ပို့ဆောင်ခံလိုက်ရတယ်လို့ မိသားစုရဲ့ ဥပဒေအကြံပေး တရားလွှတ်တော် ရှေ့နေ တစ်ဦးက RFA ကိုပြောပါတယ်။

ကားတိုက်ဖြိုခွင်းဖမ်းဆီးခံရတဲ့ MPA သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းကို တွေ့ရစဉ် Photo: CJ

ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းမှာ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာ ၅ ရက်နေ့က ဆန္ဒပြပွဲကို စစ်ကောင်စီတပ်က ကားနဲ့ဝင်တိုက်ပြီး ဖြိုခွင်းခံရချိန် ဖမ်းဆီးခံခဲ့ရတဲ့ သတင်းထောက် မမှူးရတနာခက် မို့မို့ထွန်းဟာ ဇန်နဝါရီ ၁၁ ရက် ဒီနေ့ မနက်ပိုင်းမှာ ရွှေပြည်သာမြို့နယ်က စစ်ကြောရေးစခန်းကို ပို့ဆောင် ခံလိုက်ရတယ်လို့ မိသားစုရဲ့ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေတစ်ဦးက RFA ကိုပြောပါတယ်။

ကားနဲ့တိုက်ပြီးဖြိုခွင်းခံရတာကြောင့် မမှူးရတနာခက်မို့မို့ထွန်းရဲ့ ကျန်းမာရေးအခြေအနေဟာ မူလအနေ အထားကို မရောက်သေးဘူးလို့ အဲဒီရှေ့နေကပြောပါတယ်။

"သူမကြာခဏ ခေါင်းမူးနေသေးတယ်။ ပန်းပင်ကြီးလမ်းဖြစ်စဉ်ကိုလည်း မေးလို့မရဘူးပေါ့။ သတိမရတဲ့ အနေအထား ဖြစ်တယ်။ ဘယ်ဘက်ပေါင်ရင်းကနေ ခြေဖျားအထိ ကျောက်ပတ်တီးစီးထားတာက မနေ့က တော့ ဖြည်လိုက်ပြီ။ ဆရာဝန်ကြီးတွေ ပြောတာက လိုအပ်ရင် စတီးချောင်းထည့်ရမယ့် အနေအထား ရှိတယ်။ မနေ့က ဖြည်လိုက်တာက နှစ်လလောက်နေရင် မူလအခြေအနေတိုင်း ပြန်ဖြစ်မယ်လို့ သုံးသပ် တယ်။ ဒီမနက်တော့ ရွှေပြည်သာ စစ်ကြောရေးကနေ လာပြီးခေါ်ဆောင်သွားတယ်လို့ ကြည့်မြင်တိုင်စခန်း ကနေ မိသားစုတွေကို အကြောင်းကြားတယ်"

MPA သတင်းဌာနက ရုပ်သံသတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းဟာ စစ်ကောင်စီက ကားနဲ့တိုက် ဖြိုခွင်းခံရပြီးနောက် ဒဂုံမြို့နယ်က အမှတ် (၂) စစ်ဆေးရုံမှာ အချိန်တစ်လကြာ ဆေးကုသမှုခံယူခဲ့ရတာပါ။

စစ်ကောင်စီတပ်သားတွေရဲ့ အကြမ်းဖက် ဖြိုခွင်းမှုကြောင့် ဦးခေါင်းမှာ ထိခိုက်ဒဏ်ရာ ပြင်းပြင်းထန်ထန် ရခဲ့ရသလို ဘယ်ဘက်ခြေထောက် ဒဏ်ရာနဲ့ ခန္ဓာကိုယ် ပွန်းပဲ့ဒဏ်ရာ တို့လည်း ရခဲ့တယ်လို့ အဲဒီရှေ့နေက ပြောပါတယ်။

ဒီဇင်ဘာ ၅ ရက်နေ့ ဆန္ဒပြပွဲကို စစ်ကောင်စီတပ်က ကားနဲ့ဝင်တိုက်ပြီး ဖြိုခွင်းချိန်မှာ မမှူးရတနာခက် မို့မို့ထွန်း အပါအဝင် လူငယ် ၁၁ ယောက် ထိခိုက်ဒဏ်ရာရပြီး ဖမ်းဆီးခံခဲ့ရပါတယ်။

ဖမ်းဆီးခံရသူတွေထဲက အသက်မပြည့်သေးတဲ့ အသက် ၁၅ နှစ်အရွယ် မယဉ်မေအောင်ကို ဒီဇင်ဘာ ၂၈ ရက်နေ့မှာ အာမခံပေးခဲ့ပြီး တခြား ဖမ်းဆီးခံ ကိုရဲလင်းအောင်နဲ့ မမြကြူကြူသင်း တို့ဟာလည်း ထိန်းသိမ်းခံနေရဆဲဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org