မျောက်ကျောက်ရောဂါကူးစက်မှု စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာန သတိပေး
Mpox လို့ခေါ်တဲ့ မျောက်ကျောက်ရောဂါဟာ အိမ်နီးချင်းနဲ့ ဒေသတွင်းနိုင်ငံတွေမှာ ကူးစက်ခံသူတွေ ရှိနေတာကြောင့် ပြည်တွင်းလေဆိပ်၊ ဆိပ်ကမ်းနဲ့ နယ်စပ်ဝင်ပေါက်တွေမှာ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေ လုပ်နေတယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ်လ ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
-
RFA Burmese
2024-08-20 -
-
-
Mpox လို့ခေါ်တဲ့ မျောက်ကျောက်ရောဂါဟာ အိမ်နီးချင်းနဲ့ ဒေသတွင်းနိုင်ငံတွေမှာ ကူးစက်ခံသူတွေ ရှိနေတာကြောင့် ပြည်တွင်းလေဆိပ်၊ ဆိပ်ကမ်းနဲ့ နယ်စပ်ဝင်ပေါက်တွေမှာ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေ လုပ်နေတယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ်လ ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
မျောက်ကျောက်ရောဂါ ကူးစက်မှုနဲ့ ပတ်သက်လို့ ဩဂုတ်လ ၁၄ ရက်နေ့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာထားတာပါ။
ရောဂါကူးစက်မှုကာကွယ်ဖို့အတွက် မျောက်ကျောက်ရောဂါ သံသယလက္ခဏ ခံစားနေရသူတွေ အနီးကပ်ထိတွေ့တာမျိုး ရှောင်ကြဉ်တာ၊ အနီးကပ်ထိတွေ့ရရင်လည်း လက်အိတ်နဲ့ နှာခေါင်းစည်းဝတ်ဆင်တာ၊ လက်ဆေးတာ စတဲ့ ရောဂါကာကွယ်ရေးနည်းလမ်းတွေကို လုပ်ဆောင်သင့်တယ်လို့ ဆိုပါတယ်။
ဆေးပညာနဲ့ ကျန်းမာရေးဆိုင်ရာကိစ္စရပ်တွေကို အသိပညာပေးမှုတွေလုပ်နေတဲ့ ရန်ကုန်မြို့က ဆရာဝန်တစ်ဦးကတော့ မျောက်ကျောက်ရောဂါဟာ လူသေဆုံးတဲ့အထိ ဖြစ်နိုင်တာကြောင့် ရောဂါကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာကြဖို့ တိုက်တွန်းပါတယ်။
“မျောက်ကျောက်ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ် ကူးစက်ခံရတဲ့သူဟာ ဖျားမယ်၊ ခေါင်းကိုက်မယ်၊ နောက်ကျောတွေ၊ ခါးတွေနာမယ်။ ပြန်ရည်ကျိတ်တွေ ရောင်လာမယ်၊ ချမ်းပြီး ခြေကုန်လက်ပန်းကျ မောတဲ့လက္ခဏာတွေ ခံစားရနိုင်တယ်။ အဲဒီလို ဖျားပြီး သုံးရက်အတွင်းမှာ အဖုအပိမ့်တွေ မျက်နှာကနေစထွက်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီ ပြန့်သွားတဲ့ရောဂါမျိုးပါ။ နှစ်ပတ်ကနေ လေးပတ်အထိ ခံစားရနိုင်ပါတယ်။ အာဖရိကမှာတော့ မျောက်ကျောက်ရောဂါကူးစက်ခံရသူ ဆယ်ဦးမှာ တစ်ဦး သေဆုံးတာမျိုး ရှိပါတယ်”
ရောဂါပိုးရှိသူရဲ့ အသုံးအဆောင်၊ အိပ်ရာခင်းတွေကို အသုံးပြုမိရုံနဲ့ ကူးစက်နိုင်တဲ့ရောဂါဖြစ်ပြီး ရောဂါပိုးရှိတဲ့ တိရစ္ဆာန်တွေကို နမ်းရှုံ့တာ၊ ရောဂါပိုးရှိတဲ့ တိရစ္ဆာန်ကုတ်ခံရတာ၊ ရောဂါပိုးရှိတဲ့ တိရစ္ဆာန်တွေရဲ့အသားကို စားမိရင်လည်း ဒီရောဂါကူးစက်နိုင်တယ်လို့ သူက ရှင်းပြပါတယ်။
စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနကတော့ ရောဂါပိုးရှိတဲ့နိုင်ငံကတွေကနေ ၂၁ ရက်အတွင်း ပြန်လာသူတွေနဲ့ ထိတွေ့မိတာရှိရင် ပြည်တွင်း၊ ပြည်ပ ခရီးသွားတာတွေကို ရှောင်ကြဉ်တာနဲ့ နီးစပ်ရာ ကျန်းမာရေးဌာနတွေကို သတင်းပို့ပြီး ကုသမှုခံယူဖို့ သတိပေးထားပါတယ်။
မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံက ပညာရှင်တွေကတော့ မျောက်ကျောက်ရောဂါဟာ ထိုင်းနိုင်ငံကို အန္တရာယ်ပေးနိုင်တဲ့ အနေအထားမှာရှိတယ်လို့ သတိပေးတဲ့အကြောင်း ဘန်ကောက်ပို့စ်က သြဂုတ်လ ၁၉ ရက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာတော့ ၂၀၂၂ ခုနှစ်ကနေ လက်ရှိအချိန်အထိ သံသယလူနာတွေရဲ့ ဓာတ်ခွဲနမူနာ (၁၂၉) ခုကို ဓာတ်ခွဲစစ်ဆေးခဲ့ရာမှာ မျောက်ကျောက်ရောဂါ အတည်ပြုလူနာ မရှိသေးဘူးလို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဩဂုတ်လ ၁၉ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။