သီလဝါစက်မှုဇုန်ကြောင့် ဖယ်ရှားခံရသူတွေကို မစ္စတာ ကင်တားနား တွေ့ဆုံ

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ် ကင်တားနားဟာ ရန်ကုန် သီလဝါ စက်မှုဇုန်ကြောင့် နေရာပြောင်းရွေ့ခံရတဲ့ ဒေသခံတွေနဲ့ ဒီကနေ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ သြဂုတ်လ ၁၄ ရက်နေ့က ကချင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနားတို့ကို တွေ့ရစဉ် photo: RFA/ Kyaw Myo Min

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ် ကင်တားနားဟာ ရန်ကုန် သီလဝါစက်မှုဇုန်ကြောင့် နေရာပြောင်းရွေ့ခံရ တဲ့ ဒေသခံတွေနဲ့ ဒီကနေ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။

ရွာသားတွေနဲ့ပါ တွေ့ဆုံခဲ့သလို စက်မှုဇုန် စီမံခန့်ခွဲရေးရုံး တာဝန်ရှိသူတွေနဲ့ပါ တွေ့ဆုံခဲ့တယ်လို့ မစ္စတာ ကင်တားနားရဲ့ ခရီးစဉ်မှာ လိုက်ပါသွားတဲ့ ရန်ကုန်ကုလသမဂ္ဂရုံး ပြန်ကြားရေးအရာရှိ ဦးအေးဝင်းက RFA ကို ပြောပါတယ်။

“သီလဝါစက်မှုဇုန်ကနေ ပြောင်းရွေ့ခံရ တဲ့ ပြည်သူတွေနေတဲ့ ကျောက်တန်းနားက မြိုင်သာယာဆိုတဲ့ရွာကို ကျနော်တို့သွားတယ်၊ အဲဒါရွာသားတွေနဲ့ စကားပြောတာပေါ့ဗျာ၊ တချို့အဖွဲ့တွေနဲ့လည်း တွေ့ပါတယ်၊ ဘာသာပေါင်းစုံအဖွဲ့နဲ့လည်း တွေ့ခဲ့ပါတယ်”

မစ္စတာ ကင်တားနားဟာ မနက်ဖြန်မှာတော့ ကချင်ပြည်နယ်ကို သွားရောက်မှာဖြစ်ပြီး အဲဒီကအပြန် နေပြည်တော်မှာ အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။

မစ္စတာ ကင်တားနားဟာ မနေ့ကလည်း စစ်တွေမြို့ကို သွားရောက်ခဲ့ပြီး စစ်တွေအကျဉ်းထောင်ထဲက အကျဉ်းသားတချို့နဲ့ တွေ့ဆုံခဲ့သလို မွတ်စလင် ဒုက္ခသည်စခန်းနဲ့ ရခိုင်ဒုက္ခသည်စခန်းကိုလည်း လှည့်လည်ကြည့်ရှုခဲ့ပါတယ်။ ဒါ့အပြင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ခေါင်းဆောင်တွေနဲ့ရော မွတ်စလင်ခေါင်းဆောင်တွေပါ သီးခြားစီတွေ့ဆုံခဲ့ပါတယ်။

စစ်တွေမြို့ ခရီးစဉ်အတွင်း ဒေသခံ ရခိုင်တိုင်းရင်းသားတွေက မစ္စတာ ကင်တားနားကို ရခိုင်ပြည်နယ်ကနေ ထွက်သွားဖို့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။ မစ္စတာ ကင်တားနားဟာ ခရီးစဉ်နောက်ဆုံးနေ့ဖြစ်တဲ့ အခုလ ၁၉ ရက်နေ့ ညနေပိုင်းမှာ ရန်ကုန်လေဆိပ်မှာ သတင်းစာရှင်းလင်းပွဲလုပ်သွားဖို့ရှိပြီး၊ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ မတ်လအတွင်းကျင်းပမယ့် လူ့အခွင့်အရေး ကောင်စီညီလာခံမှာ  မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သူ့ရဲ့ နောက်ဆုံး လူ့အခွင့်အရေး အစီရင်ခံစာကို တင်သွင်းမှာ ဖြစ်ပါတယ်၊

မစ္စတာ ကင်တားနားရဲ့ ခရီးစဉ်မှာ လိုက်ပါသွားတဲ့ ရန်ကုန်ကုလသမဂ္ဂရုံး ပြန်ကြားရေး အရာရှိ ဦးအေးဝင်းကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org