မြောက်ဦးမှာ ရဲတပ်ဖွဲ့ဝင်တချို့ကို AA ဖမ်းဆီး

မြောက်ဦးမြို့ပေါ် မှာ အရပ်၀တ် ၀တ်ပြီး မော်တော်ကားနဲ့ သွားလာနေတဲ့ စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့တချို့ကို ရက္ခိုင့်တပ်တော် (AA) က နိုဝင်ဘာ ၇ ရက်မှာ ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့ကို ၂၀၁၉ ခုနှစ် မတ်လအတွင်းက တွေ့ ရစဉ်။ RFA

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ် မှာ အရပ်၀တ် ၀တ်ပြီး မော်တော်ကားနဲ့ သွားလာနေတဲ့ စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့တချို့ကို ရက္ခိုင့်တပ်တော် (AA) က နိုဝင်ဘာလ ၇ ရက်နေ့မှာ ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အဲဒီရဲတပ်ဖွဲ့ဝင်တွေကို မြို့ပေါ် ထမ္မရာဇ်ရပ်ကွက်ကနေ ပုဇွန်ဖေရွာကိုသွားတဲ့ လမ်းပေါ်မှာ ဖမ်းဆီးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြောက်ဦးမြို့ခံအမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။

“ဖြစ်စဉ်ကတော့ ဟုတ်တယ်။ ဘယ်လိုဖြစ်တယ်ဆိုတာကိုတော့ မသိရဘူး။ အခုတော့ မြို့ပေါ်မှာငြိမ်နေတာတော့ တွေ့တယ်”

ရက္ခိုင့်တပ်တော် (AA) ရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကလည်း မြောက်ဦးမြို့ပေါ်က ရဲတပ်ဖွဲ့ဝင်တချို့ကို နိုဝင်ဘာလ ၇ ရက်နေ့မှာ ဖမ်းဆီးလိုက်တာမှန်တယ်လို့ RFA ကို အတည်ပြုပါတယ်။

ဒါပေမဲ့ ဖမ်းဆီးလိုက်တဲ့ ရဲတပ်ဖွဲ့ဝင် ဘယ်နှစ်ဦးဆိုတာနဲ့ နာမည်၊ ရာထူးတွေအပြင် ဘာကြောင့်ဖမ်းတာလဲဆိုတဲ့ အသေးစိတ်ကိုတော့ သူ့အနေနဲ့ ပြောလို့မရနိုင်သေးဘူးလို့ ဦးခိုင်သုခက ပြောပါတယ်။

“မနေ့က ဒီမြောက်ဦးမြို့ထဲမှာ ဒီအရပ်ဝတ်တွေဝတ်ပြီးတော့ အိမ်စီးကားတွေနဲ့ ပတ်သွားနေတဲ့ ရဲတချို့ကိုတော့ ကျွန်တော်တို့ ရက္ခိုင့်တပ်တော်ဘက်က ထိန်းသိမ်းထားတာတော့ရှိတယ်။ ဒါပေမဲ့လို့ တခြားအသေးစိတ် အချက်အလက်တွေကတော့ လောလောဆယ် ကျွန်တော်ပြောလို့ မရသေးဘူး”

လက်ရှိ မြောက်ဦးမြို့ပေါ်မှာတော့ အခြေအနေတည်ငြိမ်နေပြီး မြို့သစ်ရပ်ကွက်မှာရှိတဲ့ မြို့တော်ခန်းမမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လုံခြုံရေးယူထားတယ်လို့ မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။

“အခုတော့မြို့ထဲမှာငြိမ်နေတယ်။ လုံခြုံရေးကတော့ စစ်ကောင်စီက ဒီည နယ်လှည့်ဇာတ်ကဖို့လုပ်နေတဲ့ မြို့တော်ခန်းမအနီးမှာ လုံခြုံရေးချထားတယ်။ ပြီးတော့ အဲဒီအနားကလမ်းတွေမှာ ဘားဝါယာတွေချထားတယ်။ သူတို့ကမယ့် ဇာတ်ကလည်း ခန်းမအတွင်းထဲမှာ”

ရဲတပ်ဖွဲ့၀င်တွေ ဖမ်းဆီးခံရတဲ့အပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

မြောက်ဦးမြို့ဟာ ရှေးဟောင်းသမိုင်းဝင် ဘုရားပုထိုးတွေပေါများပြီး ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်နိုင်ဖို့ ကြိုးပမ်းနေတဲ့ မြို့ဖြစ်ပါတယ်။

ဒါပေမဲ့ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်တပ်တို့ တိုက်ပွဲ အပြင်းအထန်ဖြစ်ခဲ့ချိန်က မြို့တွင်းမှာ ပစ်ခတ်မှုတွေ ခံခဲ့ရပါတယ်။

လက်ရှိလည်း ရဲတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်သားတွေ မြို့တွင်းမှာပစ်ခတ်မှာနဲ့ ပြည်သူတွေကို ဖမ်းဆီးလာမှာကို မြို့ခံတွေ စိုးရိမ်နေကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org