ရခိုင်ပဋိပက္ခဖြေရှင်းဖို့ အရေးကြီးကြောင်း လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သတိပေး
ရခိုင်ပြည်နယ် ပဋိပက္ခကို မဖြေရှင်းနိုင် ရင် မြန်မာနိုင် ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်တွေနဲ့ ပြုပြင်ပြောင်း လဲရေးကို ထိခိုက်နိုင်ကြောင်း ကုလ သမဂ္ဂရဲ့ မြန် မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Ms Yanghee Lee က ဒီနေ့ ပြောခဲ့ပါတယ်။
-
2014-07-18 -
-
-
Your browser doesn’t support HTML5 audio
ရခိုင်ပြည်နယ် ပဋိပက္ခကို မဖြေရှင်းနိုင်ရင် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ ပြုပြင်ပြောင်းလဲရေးကို ထိခိုက်နိုင်ကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms Yanghee Lee က ဒီနေ့ ပြောခဲ့ပါတယ်။
ရခိုင်ပြည်နယ်အတွင်းက လူ့အခွင့်အရေး အခြေ အနေတွေကို လေ့လာဖို့အတွက် ရောက်ရှိနေတဲ့ Ms Yanghee Lee က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ နဲ့ တွေ့ဆုံစဉ် အခုလို ပြောခဲ့တာဖြစ်ပါတယ်။
"မိမိအနေနဲ့ သုံးသပ်တာက လက်ရှိ ရခိုင်ပြည်နယ်မှာ တင်းမာမှုတွေ ရှိနေဆဲဖြစ်ပါတယ်။ ဒီကိစ္စကို မဖြေရှင်းနိုင်ဘူးဆိုရင် နိုင်ငံတော်က ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကိုပါ ထိခိုက်လာနိုင်ပါတယ်"
ဒါ့အပြင် Ms Yanghee Lee က မြေပုံမြို့နယ်ကစပြီး ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဖြစ်မှု ဥပဒေ အတိုင်း ဆောင်ရွက်နေတဲ့အပေါ် ဝမ်းသာကြောင်းနဲ့ ကာယကံရှင်တွေရဲ့ ဆန္ဒသဘောထားကိုလိုက်နာဖို့ အရေးကြီးကြောင်း ပြောခဲ့ပါတယ်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက အခြေအနေ မငြိမ်မသက်ဖြစ်မှာကို စိုးရိမ်တာကြောင့် ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေကို သီးခြားစီထားရတာဖြစ်ကြောင်း ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဖြစ်မှု ဥပဒေအရ နိုင်ငံသားဖြစ်လာသူတွေကို နိုင်ငံအနှံ့လွတ်လပ်စွာ သွားလာခွင့်ပြုမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။
Ms Yanghee Lee ဟာ ဒီကနေ့ စစ်တွေအကျဉ်းထောင်မှာရှိတဲ့ မွတ်စလင် အကျဉ်းသားတချို့နဲ့ သီးသန့်တွေ့ဆုံခဲ့ သလို ဆတ်ရိုးကျ ရခိုင်ဒုက္ခသည်စခန်းနဲ့ ဘောဒူဘ မွတ်စလင် ဒုက္ခသည်စခန်းတွေကိုလည်း သွားရောက်လေ့လာ ခဲ့ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms Yanghee Lee ရဲ့ ဒီကနေ့ ရခိုင်ပြည်နယ် ခရီးစဉ်အကြောင်း RFA သတင်းထောက် မခင်ပြည့်စုံ တင်ပြထားတာ နားဆင်နိုင်ပါတယ်။