မြောင်မြို့နယ် ရဲတပ်ဖွဲ့ဝင်သုံးဦး CDM ဝင်လာကြောင်း MSPDF ထုတ်ပြန်
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ထဲက ကျောက်ရစ်ကျေးရွာနဲ့ နဘက်ကျေးရွာ နယ်မြေရဲစခန်းတွေကို စက်တင်ဘာ ၈ ရက် မနေ့ ညနေပိုင်းမှာ မြောင်မြို့နယ် ပြည်သူကာကွယ်ရေး အထူးတပ်ဖွဲ့ (MSPDF) ကဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဩဇာခံ ရဲနှစ်ဦးသေဆုံး ခဲ့တယ်လို့ MSPDF ကသတင်းထုတ်ပြန်ပါတယ်။
- 2021-09-09
-
-
-
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ထဲက ကျောက်ရစ်ကျေးရွာနဲ့ နဘက်ကျေးရွာ နယ်မြေရဲစခန်းတွေကို စက်တင်ဘာ ၈ ရက် မနေ့ ညနေပိုင်းမှာ မြောင်မြို့နယ် ပြည်သူကာကွယ်ရေး အထူးတပ်ဖွဲ့ (MSPDF) ကဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဩဇာခံ ရဲနှစ်ဦးသေဆုံးခဲ့တယ်လို့ MSPDF က သတင်းထုတ်ပြန် ပါတယ်။
ကျောက်ရစ်နယ်မြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်က ဝိုင်းထားချိန် စခန်းမှူး ဒုရဲအုပ်တစ်ဦးနဲ့ ရဲတပ်သားနှစ်ဦး CDM ပြုလုပ်ခဲ့တာကြောင့် လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးခဲ့တယ်လို့လည်း MSPDF ကဆိုပါတယ်။
ကျောက်ရစ်စခန်းအတိုက်ခံရတာ မှန်ကန်ကြောင်းနဲ့ စခန်းမှူးဒုရဲအုပ်ရွှေခြံနဲ့အတူ ရဲတပ်သားအချို့ CDM ဝင်သွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြောင်ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“ကျောက်ရစ်စခန်းကတော့ အစက ရဲတွေပဲရှိတော့ စခန်းကိုဝိုင်းထားပြီး ပစ်ကြတာ၊ ခဏနေတော့ စစ်သား အယောက် ၄၀ လောက်ရောက်လာပြီး စခန်းထဲကနေ အခြေပြုပြန်ပစ်တာကြောင့် ပြည်သူ့ ကာကွယ်ရေးအဖွဲ့တွေက ပြန်ရှောင်ကြတာ၊ စခန်းမှူး CDM ဝင်သွားတာဟုတ်တယ် မနေ့ကဖြစ်စဉ်မှာ၊ သူနဲ့ အရင်က အဆက်သွယ်ရသေးတယ်၊ အခုတော့ အဆက်သွယ်မရဘူး” လို့ ဒေသခံကဆိုပါတယ်။
နဘက်နယ်မြေရဲစခန်းကတော့ မီးရှို့ခံရတယ်လို့သာကြားရပြီး ထိခိုက်သေဆုံးမှုကိုတော့ တိတိကျကျ မသိသေးဘူးလို့ ဒေသခံကပြောပါတယ်။
MSPDF ရဲ့ထုတ်ပြန်ချက်မှာ ကျောက်ရစ်စခန်းကို တိုက်ခိုက်ချိန် CDM မလုပ်ပဲ ပြန်လည်တိုက်ခိုက်တဲ့ စစ်ကောင်စီအဖွဲ့ဝင် နှစ်ဦးသေဆုံးတယ်လို့ ဖော်ပြထားပေမယ့် စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာ ထုတ်ပြန်ကြေညာ မရှိသေးပါဘူး။
RFA အနေနဲ့လည်း သီးခြားအတည်ပြုနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဖုန်းခေါ်ဆိုခဲ့ ပေမယ့် ဆက်သွယ်လို့မရပါဘူး။