မဲရလဒ်ကို သံဖြူဇရပ် MUP ကိုယ်စားလှယ်တွေ လက်မခံနိုင်သေး
သံဖြူဇရပ်မြို့နယ်ကနေ ရွေးကောက်ပွဲဝင်ခဲ့တဲ့ မွန်ညီညွတ်ရေးပါတီရဲ့ ကိုယ်စားလှယ်တွေက ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေပေးဖို့ တရားဝင် တောင်းဆိုခဲ့ပေမယ့် ကော်မရှင်က မထုတ်ပေးလို့ ရွေးကောက်ပွဲရလဒ်အပေါ် လက်မခံနိုင်သေးကြောင်း ဒီနေ့ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောလိုက်ပါတယ်။
-
မင်းခိုင်စိုးလင်း
2020-12-10 -
-
-
နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပပြီးခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ သံဖြူဇရပ်မြို့နယ် မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ်လောင်း သုံးဦးက မဲစာရင်းနဲ့ မဲရလဒ်တွေကို ရှင်းရှင်းလင်းလင်း သိလိုတာကြောင့် ကော်မရှင်ထံ အချက်အလက်တွေပေးဖို့ စာပေးပို့ တောင်းဆို ခဲ့ပေမယ့် မထုတ်ပေးလို့ ရွေးကောက်ပွဲရလဒ်အပေါ် လက်မခံနိုင်သေးဘူးလို့ ပြောလိုက်ပါတယ်။
ဒီဇင်ဘာလ ၁၀ ရက်နေ့ ဒီနေ့မှာ သံဖြူဇရပ်မြို့နယ်၊ မွန်ညီညွတ်ရေးပါတီရုံးမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်လောင်းတွေက ပြောခဲ့တာပါ။
သံဖြူဇရပ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှာ မွန်ညီညွတ်ရေးပါတီကို ကိုယ်စားပြုပြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းနေရာကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဦးထွန်းမြင့်ကျော်က
“ကျွန်တော်တို့က သံသယဖြစ်စရာအချက်တွေရှိလို့ စာရွက်စာတမ်းတွေတောင်းတယ်။ သူတို့က ဘာအကြောင်းပြန်လဲ ဆိုတော့ ခိုင်လုံတဲ့အကြောင်းပြချက်တွေ မရှိရင် မထုတ်ပေးနိုင်ဘူး ဆိုတော့ ကျွန်တော်တို့က ခိုင်လုံချင်လို့ တောင်းတယ်။ သူကတော့ ခိုင်လုံမှုမရှိလို့ မထုတ်ပေးချင်ဘူး ပြောတဲ့အခါကျတော့ ဒီကြားထဲမှာ တစ်သွားတယ်။ တစ်သွားတော့ ဘာစဉ်းစားစရာဖြစ်လာလဲ ဆိုတော့ ဒီရွေးကောက်ပွဲရလဒ်က ကျွန်တော်တို့ လက်ခံဖို့ခက်ခဲလာတယ်။ ဆိုလိုချင်တာက ဒီသံဖြူဇရပ်မြို့ရဲ့ ရလဒ် မဟုတ်ဘူး ဒီရွေးကောက်ပွဲတစ်ခုရဲ့ရလဒ်က မဲရုံတစ်ရုံချင်းစီကို သံသယဖြစ်လာရင် တစ်မြို့နယ်လုံးကို သံသယဖြစ်လာတယ်။ တစ်ပြိုင်နက်ထဲ မှာပဲ တစ်နိုင်လုံးကို သံသယဖြစ်လာတယ်။ ဒီတော့ ကျွန်တော်တို့အနေနဲ့ကတော့ အခုအခြေအနေအရတော့ လက်ခံဖို့တော့ ခက်ခဲတာပေါ့”
မဲစာရင်းရလဒ်တွေကို နိုဝင်ဘာလ ၁၂ ရက်နေ့က သံဖြူဇရပ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးထံ တရားဝင်စာပေးပို့တောင်းဆိုခဲ့ပြီး ခရိုင်နဲ့ ပြည်နယ်ကော်မရှင်ကိုပါ မိတ္တူပို့ထားတယ်လို့ ပြောပါတယ်။
ဒီဇင်ဘာလ ၈ ရက်နေ့မှာ ပြည်ထောင်စုကော်မရှင်က ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေကို အကြောင်းပြချက် ခိုင်လုံမှုမရှိဘဲ တောင်းဆိုလာရင် လက်မခံနိုင်ကြောင်း ကြေညာထားပြီး ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ကလည်း တောင်းဆိုတာတွေကို ထုတ်ပေးခြင်း မရှိပါဘူး။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲရလဒ်နဲ့ မဲစာရင်းတွေဟာ ရွေးကောက်ပွဲပြီးနောက် မြို့နယ်ကော်မရှင် အဖွဲ့ခွဲတွေမှာ မရှိတော့ဘဲ ခရိုင်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ ချိတ်ပိတ်ထားရှိကြောင်းနဲ့ ဒီလိုစာရွက်စာတမ်းတွေကို မိတ္တူကူးယူခွင့်ပေးဖို့ဆိုတာဟာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေနဲ့ နည်းဥပဒေတွေမှာ မပါရှိကြောင်း ဒီဇင်ဘာလ ၈ ရက်နေ့က စာထုတ်ပြန်ထားပါတယ်။
ရွေးကောက်ပွဲနေ့မှာ သံဖြူဇရပ်မြို့နယ် မဲရုံတချို့မှာ မဲလာပေးသူအရေအတွက် မဲလက်မှတ် ပိုနေတာတွေ ရှိခဲ့တယ်လို့ သံဖြူဇရပ်မြို့နယ် မွန်ညီညွတ်ရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်မြင့်စိန်က ပြောပါတယ်။
“ကျွန်တော်တို့ သံသယဖြစ်တာက မဲရုံတစ်ရုံမှာ မဲလာပေးတဲ့သူထက် မဲ ၂၀၀ ပိုနေတာတို့ အချို့မဲရုံဆိုရင် သူ့ရဲ့ စလစ်မဟုတ်ဘဲနဲ့ သူ့ရဲ့စလစ်ကို တခြားလူ ထည့်သွားတယ်။ အဲဒီလိုတွေ ရှိတယ်။ နောက်ပြီး အသက်မပြည့်တဲ့ သူတွေ မဲလာပေးသွားတာ မဲရုံတိုင်းမှာ ကြားနေရတယ်။ ကျွန်တော်တို့ လက်လှမ်းမီသလောက်တော့ နှစ်ရုံ သုံးရုံပေါ့၊ အခြားမဲရုံတွေလည်း ရှိမှာပေါ့၊ ကျွန်တော်က အဲဒီလိုပဲ တွက်တယ်။ အဲဒါကြောင့် ဒီရွေးကောက်ပွဲ ရလဒ်က မရှင်းမရှင်းဖြစ်နေတာပေါ့”
၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်က သံသဖြစ်စရာအချက်တွေရှိနေလို့ အချက်အလက်တွေ စိစစ်ခွင့်ရဖို့ လိုအပ်တယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာကို ဝင်ပြိုင်ခဲ့တဲ့ ဦးနိုင်ဦးက ပြောပါတယ်။
“အဲဒီအချက်အလက်တွေ စိစစ်ခွင့်ရခဲ့မယ်ဆိုရင် ကျွန်တော်တို့ လိုချင်တဲ့အဖြေတစ်ခု ရလိမ့်မယ်လို့ ယုံကြည်တယ်။ ရွေးကောက်ပွဲ ဟိုတုန်းကဆိုရင် ဒီလိုမျိုးသံသယဖြစ်စရာအချက်တွေ သိပ်မတွေ့ဘူး။ ပြီးခဲ့တဲ့ရွေးကောက်ပွဲက ကျွန်တော်တို့ ဘာမှတောင်းဆိုခဲ့ တာတွေ မရှိဘူး။ ကျေကျေနပ်နပ်နဲ့ လက်ခံခဲ့တယ်”
တောင်းဆိုထားတဲ့ ရွေးကောက်ပွဲရလဒ်တွေကို ရရှိခဲ့မယ်ဆိုရင် ရှုံးသည်ဖြစ်စေ၊ နိုင်သည်ဖြစ်စေ ကျေကျေနပ်နပ်နဲ့ လက်ခံသွားမှာဖြစ်ပြီး ဒီမိုကရေစီစနစ်ခိုင်မာဖို့ ကော်မရှင်ဘက်က ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပေးစေလိုတယ်လို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့တဲ့ ကိုယ်စားလှယ်လောင်းတွေက ပြောပါတယ်။
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှာ ပြည်နယ်မဲဆန္ဒနယ် အမှတ် ၂ မှာ MUP နိုင်ပြီး NLD က ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်နယ်မဲဆန္ဒနယ် အမှတ် ၁ တို့မှာ နိုင်ခဲ့တာပါ။
သံဖြူဇရပ်မြို့နယ် ရွေးကောက်ပွဲရလဒ်တွေအရ မွန်ညီညွတ်ရေးပါတီက ဒုတိယမဲ အများဆုံးရရှိခဲ့ပါတယ်။
သံဖြူဇရပ်မြို့နယ်ရဲ့ ပြည်သူ့လွှတ်တော်နေရာအတွက် မွန်ညီညွတ်ရေးပါတီ MUP က ဦးအောင်မြင့်စိန် ၂၉၆၉၁ မဲ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က ဦးဉာဏ်ဟိန်း ၃၅၃၃၀ မဲ၊ အမျိုးသားလွှတ်တော်အမှတ် ၈မှာ မွန်ညီညွတ်ရေးပါတီ MUP က ဦးနိုင်ဦး ၃၂၆၄၅ မဲ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ဒေါ်မြတ်သီတာထွန်း ၃၅၀၂၈ မဲ၊ ပြည်နယ်လွှတ်တော် ၁ မှာ MUP ၁၂၃၁၈ မဲ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ဦးမြင့်ဦး ၂၂၆၃၀ မဲ၊ ပြည်နယ်လွှတ်တော် အမှတ် ၂ မှာ မွန်ညီညွတ်ရေးပါတီ MUP က နိုင်လယိတမ ၂၀၆၆၈ မဲ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ဒေါ်တင်အေး ၁၂၀၆၄ မဲ အသီးသီးရရှိခဲ့ကြတာဖြစ်ပါတယ်။
----------------------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)