တပ်နဲ့ KIA တိုက်ပွဲကြောင့် မူဆယ်ခရိုင် ဒေသခံ ၂၀၀ ခန့် ထွက်ပြေးနေရ
ရှမ်းပြည်နယ် မူဆယ်ခရိုင်မှာ စက်တင်ဘာ ၁၁ ရက်နေ့က တပ်မတော်နဲ့ တိုက်ပွဲဖြစ်လို့ ဒေသခံတချို့ ထွက်ပြေးနေရကြောင်း ကချင်လွတ်မြောက်ရေးတပ်မတော် KIA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
-
2020-09-13 -

တိုက်ပွဲက KIA တပ်မဟာ ၆ လက်အောက်ခံတပ်ရင်း ၃၆ နယ်မြေ ပန်ဆိုင်းဘက်က တောထဲမှာဖြစ်တယ် ဆိုပေမယ့် လက်နက်ကြီး၊ လက်နက်ငယ်ကျည်တွေထိမှာကို စိုးရိမ်ပြီး မန်ကောင်းကျေးရွာသား ၂၀၀ လောက် မန်ပင်းကျေးရွာဘက်ကို ထွက်ပြေးနေရတာပါ။
တပ်မတော်ဘက်က တပ်မ ၈၈ နဲ့ ၉၉ လှုပ်ရှားတပ်တွေက KIA နယ်မြေအတွင်း ဝင်လာတာလို့ ဆိုပါတယ်။
တိုက်ပွဲက ၁၁ ရက်နဲ့ ၁၂ ရက်မှာ ဆက်တိုက်ဖြစ်ခဲ့ပြီး နှစ်ဘက် ထိခိုက်ဒဏ်ရာရတာတွေတော့ မကြားရဘူးလို့လည်း ပြောပါတယ်။
အခုချိန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ်ကို စိုးရိမ်နေရချိန်မှာ တိုက်ပွဲတွေဖြစ်ရင် ဒေသခံတွေ အခက်အခဲများစွာ ဖြစ်ရတာကြောင့် နှစ်ဘက်တပ်သားတွေ ထိန်းထိန်းသိမ်းသိမ်းနဲ့ ရှိစေချင်တယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
တိုက်ပွဲကြောင့် ဒေသခံတွေ ထွက်ပြေးနေတာနဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူကို RFA က မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။