တရားစွဲခံရသူ ၁၅ ဦးအမှု အစ္စလာမ် သင်္ချိုင်းအုပ်ချုပ်မှုကော်မတီ ကျေအေးပေး
မန္တလေးမြို့ ပဋိပက္ခအတွင်း အစ္စလာမ်အေးရိပ်ငြိမ်သင်္ချိုင်းကို မီးရှို့ဖျက်ဆီးခဲ့တယ်ဆိုပြီး တရားစွဲခံထားရသူ ၁၅ ဦးရဲ့ အမှုကို သင်္ချိုင်းအုပ်ချုပ်မှုကော်မတီက ဒီနေ့ ကျေအေးပေး လိုက်ပါတယ်။
-
2014-10-23 -
-
-
မန္တလေးမြို့ ပဋိပက္ခအတွင်း အစ္စလာမ်အေးရိပ်ငြိမ်သင်္ချိုင်းကို မီးရှို့ဖျက်ဆီးခဲ့တယ်ဆိုပြီး တရားစွဲခံထားရသူ ၁၅ ဦးရဲ့အမှုကို သင်္ချိုင်းအုပ်ချုပ်မှုကော်မတီက ဒီနေ့ ကျေအေးပေးလိုက်ပါတယ်။
အမှုကျေအေးကြောင်း အခမ်းအနားကို မန္တလေးမြို့ ကံတက်ကုန်းမစိုးရိမ်ကျောင်းတိုက်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ မန္တလေးမြို့လုံးဆိုင်ရာ(အေးရိပ်ငြိမ်)မွတ်စလင် ကဘာရ်စတန် ဥယျာဉ်တော် (သင်္ချိုင်း)အုပ်ချုပ်မှု ကော်မတီက အတွင်းရေးမှူး ဦးဝေလီတင်အောင်က အမှုကျေအေးရတဲ့အကြောင်း အခုလို ပြောပါတယ်။
"ဒီလူတစ်ဦးတစ်ဖွဲ့အပေါ်ကိုမှ အပြစ်တင်စကား၊ ရန်လိုစကားများ ပြောဆိုရန်ဆန္ဒမရှိပါ၊ ဖြစ်ခဲ့သော ဖြစ်ရပ်များ အပေါ် နှစ်ဦးနှစ်ဘက်စလုံးက နားလည်ခွင့်လွှတ်ခြင်း၊ အပြန်အလှန်လေးစားခြင်း၊ မေတ္တာတရားတို့ဖြင့် သင်ပုန်းချေ၊ ပြည်ဖုံးကားချပစ်ပါကြောင်း အလေးအနက်တိုက်တွန်းလိုပါတယ်၊ တပည့်တော်တို့ မွတ်စလင်များ အနေဖြင့် တစ်မိသားစု ညီအစ်ကို မောင်နှမဖြင့် ဖြစ်ပျက်သွားခဲ့တဲ့ ထိခိုက်၊ ဒဏ်ရာ၊ သွေးထွက်သံယို ဖျက်ဆီးမှှုအပြစ်က အမှတ်ယူခြင်း၊ အတိတ်ဆိုး အတိတ်ဟောင်းကို သင်ခန်းစာအဖြစ် သံဝေဂများရယူလျှက် သင်ပုန်းချေလိုက်ပြီဖြစ်ကြောင်း လျှောက်ထားအပ်ပါတယ်"
သင်္ချိုင်းအုပ်ချုပ်မှုကော်မတီက တရားစွဲထားတာမဟုတ်ဘဲ ပုသိမ်ကြီးမြို့နယ်ရဲစခန်းက တရားလိုလုပ်ပြီး စွဲဆိုထားတာဖြစ်တဲ့အတွက် အမှုကျေအေးကြောင်းကို မန္တလေးခရိုင်တရားရုံးထံ တင်ပြသွားမယ်လို့ အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။
"သင်္ချိုင်းကော်မတီက ကျေအေးမယ်၊ ဒီဟာကို ကျနော်တို့ တရားရုံးကို တင်ပေးပါ့မယ်၊ တင်တော့ ရုပ်သိမ်းတာ မရုပ်သိမ်းတာက တရားရုံးရဲ့အလုပ်ဖြစ်ပါတယ်၊ ကျေအေးခွင့်ပြုတာလည်းဖြစ်ပါတယ်၊ သို့သော်လည်းပဲ သင်္ချိုင်းကော်မတီနဲ့ ကျနော်တို့ ဒီမိသားစုကြားမှာတော့ ဘာရန်ငြိုးရန်စမရှိဘူး၊ ကြေအေးပြီးပြီဖြစ်တယ်ဆိုတာ သက်သေထင်ရှားပြီးပြတဲ့ ကဏ္ဍတစ်ခုဖြစ်တယ်ဗျ၊ အင်မတန်မင်္ဂလာရှိကြောင်းပြောရင်နဲ့ ကျနော် နိဂုံးချုပ်အပ်ပါတယ်"
ဒီနေ့ အခမ်းအနားကို မန္တလေးမြို့က ဆရာတော်သံဃာတော်တွေအပြင် တရားရင်ဆိုင်နေရတဲ့ ကိုမင်းသန်းထိုက် အပါအဝင် ၁၅ ဦးရဲ့ မိဘဆွေမျိုးတွေ တက်ရောက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၃ရက်နေ့က အေးရိပ်ငြိမ်မွတ်စလင် ကဘာရ်စတန်ဥယျာဉ်တော်(သင်္ချိုင်း)မှာရှိတဲ့ ဘာသာရေးဆောက်အအုံတစ်ခု မီးရှို့ဖျက်ဆီးခံရတာဖြစ်ပါတယ်။