နိုင်ငံသားစိစစ်ရေးကဒ် ရခိုင်ပြည် နယ်က မွတ်စလင်တချို့ လက်မခံ
ရခိုင်ပြည်နယ် စစ်တွေမြို့ အောင်မင်္ဂလာ ရပ်ကွက်နဲ့ သက္ကယ်ပြင်ကျေးရွာက မွတ်စ လင်တွေကို အစိုးရက NVC လို့ခေါ်တဲ့ အစိမ်းနုရောင် နိုင်ငံသားစိစစ်ခံယူ ခွင့်ကဒ်တွေကို ဒီနေ့ စတင်ထုတ်ပေးရာမှာ သက္ကယ်ပြင်ကျေးရွာက မွတ်စလင်တွေ က အဲဒီကဒ်ကို ထုတ်ယူဖို့ ငြင်းဆန်ကြပါတယ်။
-
2016-06-21 -
-
-
ရခိုင်ပြည်နယ် စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်နဲ့ သက္ကယ်ပြင်ကျေးရွာက မွတ်စလင်တွေကို အစိုးရက NVC လို့ခေါ်တဲ့ အစိမ်းနုရောင် နိုင်ငံသား စိစစ်ခံယူခွင့်ကဒ်တွေကို ဒီနေ့စတင်ထုတ်ပေးရာမှာ သက္ကယ်ပြင်ကျေးရွာက မွတ်စလင်တွေက အဲဒီကဒ်ကို ထုတ်ယူဖို့ ငြင်းဆန်ကြပါတယ်။
အဲ့ဒီကဒ်တွေဟာ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးကို ရရှိနိုင်မှာမဟုတ်တဲ့အတွက် ငြင်းဆိုတာ ဖြစ်တယ်လို့ သက္ကယ်ပြင်ရွာခံ ဦးမာမတ်သူယို က ပြောပါတယ်။
"ကျနော်တို့ကို အရင်လည်း အဲ့လိုကဒ်တွေပေးတယ်၊ ပေးတဲ့ကဒ်ကလည်း ကျနော်တို့ ဘာမှ လုပ်လို့မရဘူး၊ အစိုးရဝန်ထမ်းလည်းလုပ်လို့မရဘူး၊ စာလည်းသင်လို့မရဘူး၊ ဘယ်မှလည်းသွား လို့မရဘူးဆိုရင် အဲ့ကဒ်ကို ကျနော်တို့ဘယ်လိုကိုင်မလဲ၊ အဲ့ဒါကြောင့် ကျနော်သွားလည်းမယူဘူး၊ ဒီနိုင်ငံမှာနေတယ်၊ ဒီနိုင်ငံမှာမွေးတယ်၊ လဝကမှာ စာရင်းအတိအကျရှိတယ်"
အဲဒီ NVC ကဒ်ထဲမှာ လူမျိုး နဲ့ ဘာသာ အချက်အလက်တွေ မပါရှိသလို မိဘတွေမှာ နိုင်ငံသားမှတ်ပုံတင် ရှိပေမယ့် သားသမီးတွေကိုအထောက်အထား မရှိလို့ဆိုပြီး NVC ကဒ်ထုတ်ပေးဖို့ ကြိုးစားတာဟာ ဥပဒေနဲ့ ညီညွတ်မှုမရှိဘူးလို့လည်း ဒေသခံတွေက ပြောကြပါတယ်။
အစိုးရက လ.ဝ.က ဌာနမှာရှိတဲ့ အိမ်ထောင်စုစာရင်းအပေါ်မူတည်ပြီး အသက် ၁၀နှစ်နဲ့ အထက် မွတ်စလင်တွေကို ထုတ်ပေးတာဖြစ်ပါတယ်။
NVC ကဒ်ဟာ နိုင်ငံသားစိစစ်မှုခံယူမယ့်သူတွေ ကိုင်ဆောင်ရမယ့်ကဒ်ဖြစ်ပြီး အဲ့ဒီကဒ်ရရှိသူတွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနဲ့ စိစစ်မှုတွေ ဆက်လက်ပြုလုပ်သွားမှာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ မြေပုံနဲ့ ကျောက်ဖြူမြို့နယ်တွေမှာ အစိုးရက ဇွန်လ ၈ ရက်နေ့ကစပြီး NVC ကဒ် တွေကို ထုတ်ပေးခဲ့တာဖြစ်ပြီး အခု စစ်တွေမြို့နယ်မှာ ထုတ်ပေးဖို့ စီစဉ်တာ ဖြစ်ပါတယ်။
အောင်မင်္ဂလာရပ်ကွက်မှာ ဒီနေ့ လူပေါင်း ၅၀ လောက်သာ လာရောက်ထုတ်ယူခဲ့ပြီး သက္ကယ်ပြင်ကျေးရွာမှာတော့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ သူ့ရဲ့မိသားစု ဝင်တွေသာထုတ်ယူခဲ့ကြပါတယ်။