မောင်တောတောင်ပိုင်းမှာ နေရာမချပေးဖို့ အဆိုကို ဆက်ဆွေးနွေးမည်

ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်းဒေသမှာ နိုင်ငံသားမဟုတ်သူတွေကို ပြန်လည်နေရာ ချထားခြင်း မပြုဖို့ ပြည်နယ်အစိုးရကနေတဆင့် ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ ဆက်လက်ဆွေးနွေးဖို့ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။

ရခိုင်ပြည်နယ်လွှတ်တော်မှာ ၂၀၁၈ ခုနှစ် ဧပြီလ ၃ ရက်နေ့က အရေးကြီးအဆိုတင်သွင်းခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းကို တွေ့ရစဉ် Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်းဒေသမှာ နိုင်ငံသားမဟုတ်သူတွေကို ပြန်လည်နေရာချထားခြင်း မပြုဖို့ ပြည်နယ်အစိုးရကနေတဆင့် ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ ဆက်လက်ဆွေးနွေးဖို့ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။

အဆိုကို ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်း က အခုလို တင်သွင်း ခဲ့တာဖြစ်ပါတယ်။

"ဒီအရေးကြီးအဆိုမှာ တဘက်နိုင်ငံသို့ ထွက်ပြေးသွားကြသော ဘင်္ဂလီများအား ပြန်လည်လက်ခံခြင်းကို ကန့်ကွက်ခြင်းမဟုတ်ဘဲ စနစ်တကျ စိစစ်လက်ခံရန်နဲ့ ပကတိလိုအပ်ချက် အခြေအနေအရ တောင်ပိုင်းဒေသတွင် ဘင်္ဂလီကျေးရွာများကို တည်ဆောက်မပေးရန် ပြည်သူလူထု၏ ဆန္ဒအရ နိုင်ငံတော်အစိုးရအား တိုက်တွန်းသည့် အဆိုသာဖြစ်ပါတယ်"

နိုင်ငံတော် အချုပ်အခြာအာဏာတည်တံ့ရေး၊ ဒေသခံတိုင်းရင်းသားတွေရဲ့ဘဝလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့အတွက် ဒီအရေးကြီးအဆိုကို တင်သွင်းတာလို့ဆိုပါတယ်။

မွတ်စလင် အကြမ်းဖက်သမားတွေနဲ့ သူတို့ရဲ့အမာခံတွေဟာ မောင်တောတောင်ပိုင်းဒေသက ပင်လယ်ပြင်ကို အခြေပြုပြီး မေယုတောင်ကြောကို စိုးမိုးရယူဖို့ကြိုးစားခဲ့ကြသလို တိုင်းရင်းသားတွေကိုခြိမ်းခြောက်ပြီး အကြမ်းဖက် လုပ်ရပ်တွေကို စနစ်တကျလုပ်ဆောင်ခဲ့တာကို တွေ့ရတယ်လို့လည်း ဆိုပါတယ်။

အဲဒီမောင်တောတောင်ပိုင်းမှာ နိုင်ငံသားမဟုတ်သူတွေကို ပြန်လည်နေရာချထားပေးမယ်ဆိုရင် အလားတူ အကြမ်းဖက်မှုတွေဖြစ်လာအောင် ဖိတ်ခေါ်နေသလိုဖြစ်နေမှာဖြစ်တယ်လို့လည်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက တင်ပြခဲ့ပါတယ်။

အရေးကြီးအဆိုနဲ့ပတ်သက်ပြီး ကန့်ကွက်မယ့်သူမရှိတာကြောင့် ဆက်လက်ဆွေးနွေးဖို့ လွှတ်တော်က ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org