ဒုက္ခသည်တွေ ယာယီစခန်းမှာ ၁ လသာနေရမည်


2018.04.12
maungtaw-station-622.jpg ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း တောင်ပြိုလက်ဝဲမြို့က လက်ခံရေးစခန်းကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်သွားကြတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်လာတဲ့အခါ လှဖိုးခေါင် ဒုက္ခသည်စခန်းမှာ တစ်လလောက်သာ နေရမှာဖြစ်ပြီး အဲဒီနောက်မှာတော့ သက်ဆိုင်ရာ နေရပ်တွေ ကို ပြန်လည်ပြန်ပို့ပေးသွားမှာဖြစ်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ က ပြောပါတယ်။

လူမှုရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးရဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခရီးစဉ်နောက်ဆက်တွဲ အခြေအနေကို မေးမြန်းရာ မှာ ဦးမြင့်သူက ဒုက္ခသည်တွေ လက်ခံရေးနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

"ကျနော်တို့ နဂိုတည်းက သူတို့ဘက်ကို တရားဝင် အသိလည်းပေးထားပြီးဖြစ်ပါတယ်၊ ကျနော် တို့ ပြန်လည်လက်ခံရေးစခန်း ၂ ခု ဖွင့်လှစ်ထားပြီးဖြစ်ပါတယ်၊ ကျနော်တို့ ဒီစခန်း ၂ ခုမှာ အလွန်ဆုံး သူတို့ ၁ ရက်ပဲနေ ရမှာဖြစ်ပါတယ်၊ ပြီးရင် ကျနော်တို့ လှဖိုးခေါင်မှာရှိတဲ့ ကန်(ပ်)ကို ပြောင်းရွှေ့ မှာဖြစ်ပါတယ်၊ အဲဒီတော့ လက်ရှိအနေအထားမှာ ကျနော်တို့ဘက်က ကျေးရွာတွေ ဆောက်တာ လည်း တော်တော်များများ ပြီးနေပြီဖြစ်ပါတယ်၊ သူတို့အလွန်ဆုံး လှဖိုးခေါင်စခန်းမှာ အလွန်ဆုံး ၁ လပဲ နေရပါမယ်လို့ ကျနော်တို့ စီစဉ်ထားပါတယ်၊ သူတို့ပြောတဲ့ IDP တို့ဘာတို့ဟာ သူတို့ဘက် က ပြောဆိုချက်သယဖြစ်ပါတယ်၊ ကျနော်တို့ဘက်ကတော့ စတင်ဝင်ရောက်လာတဲ့ ပုဂ္ဂိုလ်တွေကို ကျနော်တို့ အမြန်ဆုံးစိစစ်ပြီး သက်ဆိုင်ရာ နေရာကိုပြန်ပို့ပေးဖို့ စီစဉ်ထားပါတယ်"

ခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးတို့နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေးနဲ့ ဒုက္ခသည်ပြန်လည်လက်ခံရေးကိစ္စတွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ရိုက်တာ သတင်းတရပ်မှာတော့  လူမှုရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးရဲ့ ဘင်္ဂလားဒေ့ရှ်ခရီးစဉ်ဟာ ယုံကြည်မှုတည်ဆောာက်ရေးအတွက်သာဖြစ်ပြီး၊ ဒုက္ခသည်တွေ ပြန်လာရေးနဲ့ပတ်သက်ပြီး မြန်မာဘက်မှာ အဆင်သင့်အနေအထား မရှိသေးဘူးလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ပြောဆိုကြောင်း ဖေါ်ပြပါတယ်။

မြန်မာနိုင်ငံကို ၆ ရက်ကြာခရီး လာရောက်ခဲ့တဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ လက်ထောက် အထွေထွေ အတွင်းရေးမှူးချုပ် Ms.Ursula Mueller ကလည်း  ရခိုင်မြောက်ပိုင်းမှာ  ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေး အဆင်သင့် မဖြစ်သေးဘူးလို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ အမြဲတမ်းတွင်းဝန် ဦးမြင့်သူ ကတော့ မြန်မာနိုင်ငံအနေနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့ကစပြီး လက်ခံဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဆိုပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေ ဖြစ်တဲ့ UNHCR၊ UNDP တို့နဲ့ မြန်မာအစိုးရတို့ သုံးပွင့်ဆိုင် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးဖို့ ရှိတယ်လို့လည်း ဦးမြင့်သူ က ပြောပါတယ်။

ဒီအတွင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံ က သံတမန်တွေ ဒီလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ က ဒုက္ခသည်စခန်းတွေရဲ့ အခြေအနေနဲ့ အီရတ်နိုင်ငံ ရွေးကောက်ပွဲ မတိုင်ခင် အခြေအနေတွေကို သွားရောက် ကြည့်ရှုကြမှာဖြစ်ပါတယ်။

အဲဒီ ခရီးစဉ်ဟာ အခု ဧပြီလ ၂၆ ရက်နေ့ကနေ မေလ ၂ ရက်နေ့အထိ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။