မွတ်စလင်ဒုက္ခသည်တွေ သပိတ်မှောက်

ဘင်္ဂလားဒေ့ရှ်ဘက်ကို ရောက်နေတဲ့ ရိုဟင်ဂျာ မွတ်စလင် ဒုက္ခသည်တွေဟာ ဒီကနေ့ မနက်မှာ ကုလသမဂ္ဂ နဲ့ နိုင်ငံတကာ လူမှုအဖွဲ့အစည်းတွေကို သပိတ်မှောက်ခဲ့ကြပြီး အချက် ၄ ချက်ကို တောင်းဆိုကြပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသက ရိုဟင်ဂျာဒုက္ခသည်စခန်းတစ်ခုကို ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့က တွေ့ရစဉ် Photo: Dibyangshu SARKAR / AFP

ဘင်္ဂလားဒေ့ရှ်ဘက်ကို ရောက်နေတဲ့ ရိုဟင်ဂျာ မွတ်စလင် ဒုက္ခသည်တွေဟာ ဒီကနေ့ မနက်မှာ ကုလသမဂ္ဂ နဲ့ နိုင်ငံတကာ လူမှုအဖွဲ့အစည်းတွေကို သပိတ်မှောက်ခဲ့ကြပြီး အချက် ၄ ချက်ကို တောင်းဆိုကြပါတယ်။

ကုလသမဂ္ဂ မဟာမင်းကြီးများရုံး UNHCR က ဒုက္ခသည်တွေကို ထုတ်ပေးနေတဲ့ Smart Card တွေမှာ ရိုဟင်ဂျာ ဆိုတာကို ထည့်သွင်းပေးဖို့နဲ့ အဲဒီနာမည် မဖော်ပြထားရင် လက်မခံကြောင်းနဲ့ သူတို့ရဲ့ ကိုယ်ရေးအချက်အလက်ကို မြန်မာအစိုးရဆီ မမျှဝေဖို့နဲ့ သူတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို စုဆောင်းနေတာ ရပ်တန့်ဖို့တို့ကို တောင်းဆိုတာဖြစ်တယ်လို့ သိရပါတယ်။

သပိတ်မှောက်သူတွေထဲမှာ အရပ်ဘက် NGO တွေနဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR မှာ ဝင်ရောက်လုပ်ကိုင်နေကြတဲ့ ဒုက္ခသည်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် UNHCR တာဝန်ရှိသူတွေနဲ့ တေ့ွဆုံခွင့်ရဖို့လည်း ဒုက္ခသည်တွေက တောင်းဆိုနေကြပါတယ်။

ဒုက္ခသည်တွေက ဒုက္ခသည်စခန်းတွေထဲကနေ အပြင်မထွက်ဘဲ သပိတ်မှောက်ကြတာလို့ သိရပါတယ်။

ဒီကနေ့ မနက်မှာ ရိုဟင်ဂျာ မွတ်စလင်တွေက ကုမလသမဂ္ဂ မဟာမင်းကြီးများရုံး UNHCR ကို သပိတ်မှောက်ခဲ့ကြပြီး ဒုက္ခသည်စခန်းတွေမှာ NGO စီးပွားရေးဖြစ်နေတာကြောင့် ဒုက္ခသည်တွေ နေရပ်ပြန်မလာအောင် လူမှုအဖွဲ့အစည်းတွေက လုပ်ဆောင်နေတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြီးခဲ့တဲ့ ရက်ပိုင်းက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တဲ့အပေါ် ဒုက္ခသည်တွေက မြန်မာအစိုးရကို မေးခွန်းထုတ်ခဲ့ကြပါတယ်။

သပိတ်မှောက်ရတဲ့ အကြောင်းရင်းကို တန်ခါလီ ဒုက္ခသည်စခန်းက ကိုခင်မောင် က

"အမှန်တကယ် ဘင်္ဂလားဒေ့ရှ် ရောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေက ကတ်တွေကို လုံးဝမလိုလားဘူး။ ဒုတိယအချက်က အဲဒီကတ်မှာ ရိုဟင်ဂျာဆိုတဲ့ အမည် သုံးခွင့်ပြုရေး"

ဒါ့အပြင် ဒုက္ခသည်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို သူတို့ခွင့်ပြုချက်မပါဘဲ မြန်မာအစိုးရကို မပေးဖို့လည်း UNHCR ကို တောင်းဆိုတာဖြစ်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက နေရပ်ပြန်လာရေးနဲ့ ပတ်သက်လို့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီထားတဲ့အချိန်မှာ ပြန်မလာနိုင်တာဟာ လူမှုအဖွဲ့အစည်းတွေက တားမြစ်တာကြောင့်ဖြစ်တယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၃ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

"Local မှာလည်း လူသိန်းနဲ့ချီပြီးတော့ အဲလူတွေ စားဖို့သောက်ဖို့ စားနပ်ရိက္ခာ တင်သွင်း ရောင်းချတာတွေကလည်း အများကြီးဖြစ်နေတယ်။ ဈေးကွက်ကြီးတစ်ခု ဖြစ်နေတယ်။ အဲဒီတော့ INGO တွေက မြန်မာပြည် မပြန်စေချင်ဘူး။ အဲတော့မှ သူတို့ စီမံကိန်းတွေ ကြာကြာလုပ်ရမယ်။ ပြီးရင် ကျန်းမာရေး၊ အမျိုးသမီးအရေး၊ ကလေးသူငယ်အရေး ဒါမျိုးတွေအများကြီးပဲ။ ဆိုလိုတာက ဒီဟာက NGO Business အကြီးကြီးဖြစ်နေတော့ INGO တွေက စခန်းက လူတွေကို မပြန်ဖို့ ပြောတာ။ အဲဒီမှာပြဿနာတက်တာ"

အဲဒီပြောကြားချက်အပေါ် ဒုက္ခသည်တွေရဲ့ သဘောထားကို မေးမြန်းရာမှာတော့ ကုတုပလောင် ဒုက္ခသည်စခန်းက အလိုဟက်ဆန်က အခုလို ပြောပါတယ်။

"ဒီကိုရောက်လာတဲ့လူတွေက ဘာမှ ပါမလာတာကြောင့် NGO, INGO တွေက ထောက်ပံ့နေတာကို စီးပွားရေးလုပ်တယ်ဆိုပြီး မြန်မာအစိုးရက ပြောတာ မေးခွန်းထုတ်စရာပါပဲ"

လာမယ့် ဒီဇင်ဘာလမှာ ရိုဟင်ဂျာ မွတ်စလင်တွေ ပြန်လည်လက်ခံရေး စတင်မယ်လို့ ၃ကြိမ်မြောက် အဖြစ် ထပ်မံ စီစဉ်ထားပါတယ်။

ကုတုပလောင် ဒုက္ခသည်စခန်းက အလိုဟက်ဆန်ကတော့ ဒုက္ခသည်တွေရဲ့ တောင်းဆိုချက်တွေ ရမယ်ဆိုရင် ချက်ချင်းပြန်မှာဖြစ်ကြောင်း ပြောပါတယ်။

"ကျနော်တို့က လာမယ့် ဒီဇင်ဘာကို မတောင်းဆိုဘူး။ မနက်ဖြန် ပြန်လာချင်တယ်။ ဒါပေမဲ့ ကျနော်တို့တောင်းဆိုတာ ရှိသေးတယ်။ အဲဒါကို မြန်မာအစိုးရက မနက်ဖြန်ပေးရင် မနက်ဖြန် ပြန်လာမှာပဲ"

လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်ပေါင်း ၇ သိန်းလောက်ရှိတယ်လို့ နိုင်ငံတကာက ပြောကြပါတယ်ခင်ဗျာ။

ဒီသတင်းကို RFA သတင်းထောက် ကိုထက်အာကာ ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org