မိတ္ထီလာမြို့ မူဆလင်တွေကို ခရိုင် အားကစားကွင်းမှာ နေရာချထား

မိတ္ထီလာမြို့က အဓိကရုဏ်းမှာ အကြမ်းဖက်တိုက်ခိုက်ခံရမှာ စိုးရိမ်ပြီး မိသားစုလိုက် အိုးအိမ်စွန့်ခွာ ထွက်လာကြတဲ့ မူစလင်တွေကို ကျောင်းသား၊ ပြည်သူ နဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မနေ့က စောင့်ရှောက်ကူညီပြီး ခရိုင်အားကစားကွင်းမှာ ယာယီနေရာချပေးထားတယ်လို့ စုံစမ်းသိရှိရပါတယ်။

မိတ္ထီလာမြို့က အဓိကရုဏ်းမှာ အကြမ်းဖက် တိုက်ခိုက်ခံရမှာစိုးရိမ်ပြီး မိသားစုလိုက် အိုးအိမ်စွန့်ခွာထွက်လာကြတဲ့ မူစလင်တွေကို ကျောင်းသား၊ ပြည်သူနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မနေ့က စောင့်ရှောက်ကူညီပြီး ခရိုင်အားကစားကွင်းမှာ ယာယီနေရာချပေးထားတယ်လို့ စုံစမ်းသိရှိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ မိတ္ထီလာခရိုင် ဗကသများအဖွဲ့ချုပ် ဥက္ကဌ ကိုအောင်နေပိုင်က အခုလိုပြောပါတယ်။

"ကြောက်လွန်းလို့ ဒီလိုမျိုးလက်မြှောက်ပြီးတော့ လာရတာပေါ့၊ သူတို့မှာ မိသားစုလဲပါတယ်ပေါ့နော် အဲ့လိုပြောပြီး မနည်းခေါ်လာရတယ်၊ ကျွန်တော်တို့ မိတ္ထီလာမြို့မှာရှိတဲ့ မူဆလင် ရပ်ကွက်မှာရှိတဲ့လူတွေ တော်တော်များများ ၃ မိုင်၊ ၄ မိုင်လောက်ရှိတဲ့ ခရီးကနေမြို့ထဲကိုပတ်ပြီးတော့ ၄၀၀ လောက်ရှိတဲ့လူတွေ ပထမ တစ်သုတ်အနေနဲ့ သွားပါတယ်၊ အဲ့ဒါကတော့ လူထုရယ်၊ ၈၈ မျိုးဆက်ကျောင်းသားတွေရယ်၊ မျိုးဆက်ကျောင်းသား မိတ္ထီလာခရိုင်ရယ် ခြံရံပြီးတော့သွားပါတယ်၊ နောက်တစ်သုတ်ကိုတော့ ရဲတပ်ဖွဲ့က  ခြံရံပြီးတော့သွားပါတယ်"

နည်းပညာတက္ကသိုလ်နဲ့ မိတ္ထီလာတက္ကသိုလ်ကိုလဲ ပိတ်လိုက်တယ်လို့သိရပါတယ်။

အကြမ်းဖက် မီးရှို့ဖျက်ဆီးမှုတွေဟာ မနေ့က ညနေပိုင်းမှာမှ ရပ်တန့်သွားပြီး အသေအပျောက်ဦးရေ တိုးလာနိုင်တယ်လို့ မြို့ခံတွေက ပြောနေကြပါတယ်။

အာဏာပိုင်တွေက လုံခြုံရေးတိုးပြီး ကင်းလှည့်နေကြပေမယ့် မြို့ခံတွေဟာ ကိုယ့်အိမ်၊ ကိုယ့်လမ်း၊ ကိုယ်လုံခြုံရေး ယူနေကြတယ်လို့ ဆိုပါတယ်။

စိုးရိမ်ထိတ်လန့်နေတဲ့ ခရိုင်အားကစားကွင်းက မူစလင်ဒုက္ခသည်တွေအတွက်လဲ စားနပ်ရိက္ခာလိုလာမယ်လို့ သိရပါတယ်။

မိတ္ထီလာမြို့က အခြေအနေတွေနဲ့ပတ်သက်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် မိတ္ထီလာခရိုင် ဥက္ကဌ ကိုအောင်နေပိုင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ပြီးခဲ့တဲ့ နာရီပိုင်းက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org