မြိုင်မြို့ မကြီးကန်ရွာ စစ်ရဟတ်ယာဉ်နဲ့ပစ်ခတ်ခံရပြီး ဝင်ရောက်စီးနင်းခံရ

မြိုင်မြို့နယ် မကြီးကန်ရွာနဲ့ ရွာထဲမှာရှိတဲ့ဆေးရုံကို စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ရေးစစ်ရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့ပြီးနောက် စီးနင်းဝင်ရောက်ခဲ့တယ်လို့ ပြောပါတယ်။

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသဖြင့် ထွက်ပြေးနေကြရသည့် ဒေသခံများအား ၂၀၂၃ ခုနှစ်၊ ဧပြီလအတွင်း တွေ့ရစဉ်။ MPA

မကွေးတိုင်း၊ မြိုင်မြို့နယ် အနောက်မြောက်ပိုင်းမှာရှိတဲ့ မကြီးကန်ရွာနဲ့ ရွာထဲမှာရှိတဲ့ ဆေးရုံကို ဧပြီလ ၁၈ ရက် မနက် ၁၀ နာရီခွဲခန့်မှာ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ရေး စစ်ရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့ပြီးနောက် ရွာထဲ စီးနင်းဝင်ရောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Mi-35 နဲ့ တစ်နာရီကြာအောင် လာရောက်ပစ်ခတ်ပြီးနောက် နောက်တစ်စီးက ပျူစောထီးတွေအပါအဝင် အင်အားထပ်ချပြီး ရွာကို စီးနင်းဝင်ရောက်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ပထမက ဆေးရုံကိုပတ်ပြီးတော့ Mi-35 နဲ့ ပစ်။ နောက်တစ်စီးက ပျူစောထီးတွေကို သယ်လာပြီးတော့ အင်အား ထပ်ချတယ်။ သေချာတာကတော့ ဆေးရုံကို မီးရှို့နေတယ်။ ဆေးရုံမှာလည်း လူနာတွေ ကျန်ခဲ့တာလည်းရှိတယ်။ ဆရာ၊ ဆရာမတွေတော့ ဘေးလွတ်ရာကို ထွက်လိုက်နိင်တယ်ပေါ့"

မကြီးကန်ရွာမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ မြို့နယ်အဆင့် ဆေးရုံရှိသလို စစ်ကောင်စီတပ်ကလည်း သတင်းရတာကြောင့် အခုလို စီးနင်းတိုက်ခိုက်တာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လူဦးရေ ၁၅၀၀ ဝန်းကျင်ရှိတဲ့ အဲဒီရွာက ဒေသခံအချို့ကတော့ ဘေးလွတ်ရာ ထွက်ပြေး နိုင်ပေမယ့် ရွာထဲမှာပဲ ပိတ်မိနေသူတွေလည်း အများအပြားရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ညနေပိုင်းအထိ ရွာထဲမှာကျန်ခဲ့တဲ့ မကြီးကန်ရွာသားတွေနဲ့ ဆက်သွယ်လို့ မရသေးတာ ကြောင့် ဆေးရုံမှာရှိတဲ့ လူနာတွေရဲ့ အခြေအနေနဲ့ ရွာသားတွေရဲ့ ထိခိုက်မှုအခြေအနေ အသေးစိတ်ကို မသိရသေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး တိတိကျကျသိရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူကို RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

ဧပြီလ ၁၁ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ပဇီကြီးရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့လို့ ဧပြီလ ၁၆ ရက်နေ့အထိ သေဆုံးသူ ၁၆၈ ဦးရှိပြီလို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org