ကန်နဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း ဝါရှင်တန် မြန်မာသံရုံးပြော
ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ မြန်မာအစိုးရ လုံခြုံရေးတပ်ဖွဲ့တွေက လူ့အခွင့်အရေးချိုးဖေါက်မှုတွေ ပြင်းပြင်းထန်ထန် ကျူးလွန်ခဲ့မှုအတွက် ဒုတိယ ဗိုလ်ချုပ် ကြီး အောင်ကျော်ဇော၊ ဗိုလ်မှူးချုပ် ခင်မောင်စိုး၊ ဗိုလ်ချုပ် ခင်လှိုင်နဲ့ ရဲမှူးချုပ် သူရစန်းလွင်တို့ အပြင် တပ်မ ၃၃ နဲ့ ၉၉ တို့ကို အမေရိကန်အစိုးရက သြဂုတ်လ ၁၇ ရက်နေ့က အရေးယူပိတ်ဆို့မှုတွေ ချမှတ်ခဲ့တာနဲ့ စပ်လျဉ်းပြီး ဝါရှင်တန် မြန်မာသံရုံး က အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ရာမှာ မြန်မာအစိုးရအနေနဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုနဲ့ အကြမ်းဖက်လုပ်ရပ်အားလုံးကို ရှုတ်ချကြောင်းနဲ့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်း ဆောင်ရွက် လျက်ရှိကြောင်း ဖေါ်ပြထားပါတယ်။
-
2018-08-18 -
-
-
ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ မြန်မာအစိုးရ လုံခြုံရေးတပ်ဖွဲ့တွေက လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ပြင်းပြင်းထန်ထန် ကျူးလွန်ခဲ့မှုအတွက် ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ ဗိုလ်မှူးချုပ် ခင်မောင်စိုး၊ ဗိုလ်ချုပ် ခင်လှိုင် နဲ့ ရဲမှူးချုပ် သူရစန်းလွင်တို့ အပြင် တပ်မ ၃၃ နဲ့ ၉၉ တို့ကို အမေရိကန် အစိုးရက သြဂုတ်လ ၁၇ ရက်နေ့က အရေးယူပိတ်ဆို့မှုတွေ ချမှတ်ခဲ့တာနဲ့ စပ်လျဉ်းပြီး ဝါရှင်တန် မြန်မာသံရုံး က အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ရာမှာ မြန်မာအစိုးရအနေနဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုနဲ့ အကြမ်းဖက် လုပ်ရပ်အားလုံးကို ရှုတ်ချကြောင်းနဲ့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန နဲ့ ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း ဖေါ်ပြထားပါတယ်။
တဆက်တည်းမှာပဲ မြန်မာသံရုံးရဲ့ မြန်မာဘာသာနဲ့ ထုတ်ပြန်ချက်မှာ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ ပြဌာန်းထားတဲ့ လုပ်ထုံးလုပ်နည်းနဲ့ ကျင့်ဝတ်တွေကို လိုက်နာရန်နဲ့ အပြစ်မဲ့ပြည်သူတွေ ထိခိုက်စေမှုတွေကို ရှောင်ရှားရန် သိရှိပြီး ဖြစ်တယ်လို့ ဖော်ပြထားပေမယ့် အင်္ဂလိပ်ဘာသာနဲ့ ထုတ်ပြန်ချက်မှာတော့ လုံခြုံရေးတပ်ဖွဲ့တွေကို အဲဒီအချက်တွေ တိတိကျကျ လိုက်နာရန်နဲ့ ရှောင်ရှားရန် ညွန်ကြားထားခဲ့ပြီးဖြစ်တယ်လို့ ပါရှိပါတယ်။
ဝါရှင်တန် မြန်မာသံရုံးရဲ့ ကြေညာချက် နောက်ဆုံးမှာတော့ ယနေ့ မြန်မာနိုင်ငံမှာ ပြည်သူအားလုံး ဥပဒေနဲ့ တပြေးညီဖြစ်ပြီး ဥပဒေရဲ့ အထက်မှာ မည်သူမျှ မရှိကြောင်းနဲ့ ချိုးဖေါက်သူတွေကို ဥပဒေနဲ့ အညီ အရေးယူမှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ဒီအတောအတွင်းမှာပဲ အမေရိကန် အထက်လွှတ်တော် အမတ် ၁၇ ဦးက နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပေးယို ထံ သြဂုတ်လ ၁၇ နဲ့ ပေးပို့တဲ့စာမှာတော့ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာမွတ်စလင်တွေ လူမဆန်ရက်စက်စွာ ပြုကျင့်ခံရမှုနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဌာနက စုံစမ်းပြုစုခဲ့တဲ့ အစီရင်ခံစာကို လူသိရှင်ကြား ထုတ်ပြန်ဖို့နဲ့ မြန်မာလုံခြုံရေး တပ်ဖွဲ့တွေ ရခိုင်ပြည်နယ်မှာ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေဟာ လူသားထုအပေါ်ဆန့်ကျင်တဲ့ ရာဇဝတ်မှု နဲ့ လူမျိုးတုန်း သတ်ဖြတ်မှုတွေဖြစ်သလားဆိုတဲ့ အချက်ကို သတ်မှတ်ဆုံးဖြတ်ဖို့အတွက် အဲဒီ အစီရင်ခံစာကို The Office of the Legal Adviser ဥပဒေအကြံပေးအဖွဲ့ထံ ပေးပို့ရန် မေတ္ထာရပ်ခံထားပါတယ်။
အဲဒီ အကြံပေးအဖွဲ့ဟာ အမေရိကန် နိုင်ငံခြားရေးဆိုင်ရာ မူဝါဒတွေ ချမှတ်ရာမှာ အထောက်အကူဖြစ်ရေးနဲ့ ပြည်တွင်းပြည်ပရေးရာတွေနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနကို ဥပဒေကြောင်းအရ အကြံပေးဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့ ဖြစ်ပါတယ်။
အမေရိကန် အစိုးရက ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တာတွေဟာ Ethnic Cleansing လူမျိုးတုံး ရှင်းလင်းမှု ဖြစ်တယ်လို့ သုံးနှုန်းပြောဆိုထားခဲ့ပြီး ဖြစ်ပေမယ့် Crimes Against Humanity လူသားထုအပေါ်ဆန့်ကျင်တဲ့ ရာဇဝတ်မှု နဲ့ Genocide လူမျိုးတုံး သတ်ဖြတ်မှု ဆိုတဲ့ စကားလုံးတွေကို တရားဝင်သတ်မှတ် သုံးနှုန်းခြင်း မရှိသေးပါဘူး။ လူ့အခွင့်အရေးအဖွဲ့တွေကတော့ နိုင်ငံတကာ ဥပဒေတွေနဲ့ အရေးယူနိုင်ရေးအတွက် အမေရိကန်အစိုးရကို အဲဒီ စကားရပ်တွေ သတ်မှတ်ပြောဆိုဖို့ ဖိအားပေးနေကြတယ်လို့ သိရပါတယ်။