နာဂတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ချုပ် ဌာနချုပ်နေရာကို တပ်မတော် ဝင်ရောက်နေရာယူ
နာဂတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ချုပ် NSCN –K ဌာနချုပ်ကို မြန်မာ့တပ်မတော်က ဝင်ရောက်နေရာယူ ထားတာဟာ အန္ဒိယအစိုးရရဲ့ တောင်းဆိုချက်ကြောင့်လို့ သိရကြောင်း NSCN-K ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဝမ်းစိန် က RFA ကိုပြောပါတယ်။
-
2019-02-02 -
-
-
Your browser doesn’t support HTML5 audio
နာဂတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ချုပ် NSCN –K ဌာနချုပ်ကို မြန်မာ့တပ်မတော်က ဝင်ရောက်နေရာယူ ထားတာဟာ အန္ဒိယအစိုးရရဲ့ တောင်းဆိုချက်ကြောင့်လို့ သိရကြောင်း NSCN-K ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဝမ်းစိန် က RFA ကိုပြောပါတယ်။
ဇန်နဝါရီလ ၂၉ ရက်နေ့က အနောက်မြောက်ပိုင်းတိုင်းစစ်ဌာခနချုပ်၊ ခန္တီးဗျူဟာက တပ်ရင်း ၆ ရင်းဟာ နာဂ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဌာနချုပ်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်အစပ်က တဂါးနယ် မြေကို အင်အား ၄၀၀ ခန့်နဲ့ ဝင်ရောက်နေရာယူခဲ့တာဖြစ်ပါတယ်။
အစိုးရတပ်မတော်က နာဂတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ NSCN-K ဌာနချုပ်နယ်မြေမှာ ဝင်ရောက်နေရာယူ တပ်စွဲထားတာကို ရုပ်သိမ်းပေးဖို့ NSCN-K က တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ထံ မနေ့က မေတ္တာရပ်ခံစာ ပေးပို့လိုက်ပါတယ်။
နာဂတိုင်းရင်းသားတွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းအပေါ်မှာ သနားငဲ့ညာပြီး စစ်ဆင်ရေးမလုပ်ဖို့ မေတ္တာရပ်ခံစာ ပေးပို့လိုက်တာလို့ NSCN-K ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဝမ်းစိန်က ပြောပါတယ်။
ဒီစာအပေါ် နိုင်ငံတော်အကြီးအကဲတွေက အကောင်းဆုံး ဆောင်ရွက်ပေးမယ်လို့ မျှော်လင့်ကြောင်း ဦးကျော်ဝမ်းစိန်က ပြောပါတယ်။
"ကျနော်တို့က စာတင်ထားတယ်ဆိုတော့ နိုင်ငံတော်အစိုးရကလည်းပဲ ပြည်သူလူထုအပေါ်မှာ၊ နာဂရဲ့ နိုင်ငံရေးပါတီဖြစ်တဲ့ NSCN အဖွဲ့အစည်းအပေါ်မှာ ငဲ့ညာပေးလိမ့်မယ်လို့ ယုံကြည်တယ်။ တဖက်က ဖိအားပေးလို့ လုပ်တယ်ဆိုရင်လည်း နိုင်ငံတော်အကြီးအကဲတွေက အကောင်းဆုံးနည်းလမ်းကို ရှာဖွေပြီး လုပ်ပေးမယ်လို့ ယုံကြည်တယ်"
အခုလ ၂၉ ရက်နေ့ကစပြီး တပ်မတော်က စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်အစပ်မှာရှိတဲ့ တဂါးဒေသ က နာဂဌာနချုပ်ကို အင်အား ၄၀၀ ခန့်နဲ့ ဝင်ရောက်နေရာယူခဲ့လို့ နာဂလက်နက်ကိုင်အဖွဲ့က တပ်ဖွဲ့ဝင်တွေက ရှောင်ဖယ်ပေးခဲ့ရတယ်လို့ သိရပါတယ်။
နာဂတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဌာနချုပ်ကို တပ်မတော်ဘက်က ဝင်ရောက်နေရာယူထားမှုနဲ့ ပတ်သက်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က RFA ကို အခုလို ပြောပါတယ်။
"တဂါးဒေသဘက်မှာ လုံခြုံရေးအရ ဆောင်ရွက်နေတာတွေရှိပါတယ်။ မပြီးသေးပါဘူးခင်ဗျ။ ပြီးရင် သတင်း ထုတ်ပြန်ပေးပါမယ်ခင်ဗျ။ အန္ဒိယတပ်မတော်နဲ့ မြန်မာ့တပ်မတော်က အချင်းချင်း ဆက်သွယ်ဆက်ဆံမှုနဲ့ ချစ်ကြည်ရင်းနှီးမှုရှိပါတယ်ခင်ဗျ။ အဲ့လောက်တော့ ကျနော်ပြောနိုင်ပါတယ်"
အစိုးရတပ်မတော်ဘက်က အန္ဒိယအရှေ့မြောက်က လက်နက်ကိုင်အဖွဲ့အစည်းတွေ နာဂဒေသမှာ ပုန်းအောင်း မှုတွေ ရှိတယ်ဆိုတဲ့ ထင်မြင်ယူဆချက်အပေါ် ဦးကျော်ဝမ်းစိန်က အန္ဒိယလက်နက်ကိုင်အဖွဲ့တွေဟာ နာဂ ဒေသအပြင် မြန်မာ-အန္ဒိယနယ်စပ် တလျောက်က တခြားနေရာတွေမှာလည်း ရှိနိုင်ချေရှိတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၁ နှစ်လောက်တည်းက နာဂလက်နက်ကိုင်အဖွဲ့ဌာနချုပ်နဲ့ နှစ်ဖာလုံလောက်ဝေးတဲ့နေရာမှာ အစိုးရ တပ်မတော်ရဲ့တပ်ရင်း ၁ ခု ရှိနေခဲ့ပြီး အခုရက်ပိုင်းမှ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာခဲ့တာလို့ ဦးကျော်ဝမ်းစိန်က ပြောပါတယ်။
"တပ်ရင်းတရင်းလာနေထားတဲ့ကြားမှာ ၂ ဖာလုံလောက်ပဲရှိတယ်။ ငြိမ်းချမ်းရေး လုပ်ထားတယ်ဆိုတော့ တယောက်နဲ့ တယောက်က ယုံကြည်စိတ်ချမှုအပြည့်နဲ့ ဆက်ဆံနေကြတာပေါ့။ အခုထိလည်း အဲ့လိုပဲ ဆက်ဆံနေကြတာ။ နောက်ပိုင်းမှ သူတို့က အလုံးအရင်းနဲ့ ဝင်လာပြီး အန္ဒိယနိုင်ငံရဲ့ အရှေ့မြောက်က လက်နက်ကိုင်သူပုန်တွေ NSCN-K ပိုင်နက်နယ်မြေမှာ ဝင်ရောက်ခိုလှုံနေတယ်။ အဲ့အတွက်ကြောင့် အန္ဒိယဘက်က ရှင်းပေးဖို့ တောင်းဆိုထားတယ်ပြောတယ်။ အဲဒီအတွက်ကြောင့် ရှင်းပေးဖို့ ဝင်မယ်ဆိုပြီး ဝင်လာတယ်"
NSCN-K ဟာ အစိုးရနဲ့ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က တိုင်းဒေသကြီးအဆင့် အပစ်အခတ်ရပ်စဲကြောင်း လက်မှတ်ရေး ထိုးခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။