ငြိမ်းချမ်းရေးကို တပ်မတော် လိုလားကြောင်း ဒုဗိုလ်ချုပ်မှူးကြီး ပြော

လက်နက်ကိုင် ပဋိပက္ခတွေချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်းမှုရှိမှသာ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်နိုင်မှာ ဖြစ်တဲ့အတွက် တပ်မတော်ဟာ ကချင်ပြည်နယ်မှာ နေထိုင်ကြတဲ့ တိုင်းရင်းသားတွေနဲ့ထပ်တူ ငြိမ်းချမ်းရေးကို လိုလားကြောင်း ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြော ပါတယ်။

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကို အောက်တိုဘာလ ၁၂ ရက်နေ့က မြစ်ကြီးနားမြို့ မြို့တော်ခန်းမမှာကျင်းပတဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ ကွန်ပြူတာနဲ့ ကျောင်းသုံးဗလာစာအုပ်တွေ ပေးအပ်လှူဒါန်းပွဲ မှာ တွေ့ရစဉ် Photo: Kyaw Myo Min/RFA

လက်နက်ကိုင် ပဋိပက္ခတွေချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်းမှုရှိမှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်နိုင်မှာ ဖြစ်တဲ့အတွက် တပ်မတော်ဟာ ကချင်ပြည်နယ်မှာ နေထိုင်ကြတဲ့ တိုင်းရင်းသားတွေနဲ့ထပ်တူ ငြိမ်းချမ်းရေးကို လိုလားကြောင်း ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောပါတယ်။

ဒီနေ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြို့တော်ခန်းမမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ကွန်ပြူတာနဲ့ ကျောင်းသုံးဗလာစာအုပ်တွေ ပေးအပ်လှူဒါန်းပွဲမှာ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားခဲ့တာဖြစ်ပါတယ်။

"တည်ငြိမ်အေးချမ်းမှု အပြည့်အဝရရှိမှု၊ တစ်စိတ်တစ်ပိုင်းရရှိမှု၊ တစ်ဝက်ရရှိမှု  ဒီလိုအပေါ်မှာ မူတည်ပြီးတော့ လည်း အဲဒီပြည်နယ်နဲ့ တိုင်းအလိုက် ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်မှုတွေ ပညာရေးစနစ်၊ ကျန်းမာရေးစနစ် ကွာဟမှုတွေ ဒါတွေဟာ အနည်းနဲ့အများ ဖြစ်ပေါ်နေတာကို တွေ့ရမှာဖြစ်ပါတယ်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနဲ့ ပဋိပက္ခချုပ်ငြိမ်းပြီးတော့မှ တည်ငြိမ်မှသာလျှင် ဖွံ့ဖြိုးတိုးတက်မည်၊ ကချင်ပြည်နယ်မှာ ရှိနေကြတဲ့ တိုင်းရင်းသား ပြည်သူများအားလုံး ကျနော်တို့ ကိုယ်တိုင်လည်း ကချင်ပြည်နယ်သူ ကချင်ပြည်နယ် သားများနဲ့ ထပ်တူပဲ ငြိမ်းချမ်းရေးကို လိုလားပါတယ်"

ဒါ့အပြင် လာမယ့် အောက်တိုဘာ ၁၅ ရက်နေ့ နေပြည်တော်မှာကျင်းပမယ့် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့အတွက် အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဟာ နှစ်နှစ်နီးပါး ကြိုးစားခဲ့ရတယ်လို့လည်း ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောခဲ့ပါတယ်။

အခမ်းအနားကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခြင်းမရှိဘဲ ကွန်ပျူတာ အစုံ ၂၀၀ နဲ့ ဗလာစာအုပ် ဒါဇင်တစ်ထောင် လှူဒါန်းခဲ့ပါတယ်။

အခမ်းအနားကို မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ် တိုင်းမှူး၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ ကျောင်းသူ၊ ကျောင်းသားတွေ စုစုပေါင်း တစ်ထောင်ဝန်းကျင် တက်ရောက်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org