အာဆီယံနိုင်ငံများအကြား မြန်မာ ဖွံ့ဖြိုးမှုအနည်းဆုံးဖြစ်
ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP က ထုတ်ဝေလိုက်တဲ့ ၂ဝ၁၅ ခုနှစ် လူသား ဖွံ့ဖြိုးမှုညွန်းကိန်းမှာ မြန်မာနိုင်ငံကို အဆင့် ၁၄၈ သတ်မှတ်ပြီး ဖွံ့ဖြိုးမှုနည်းပါးနိုင်ငံ စာရင်း ထည့်သွင်းထားပါတယ်။ အရှေ့တောင်အာရှနိုင် ငံတွေထဲမှာ မြန်မာပြည်က အနိမ့်ဆုံးလည်းဖြစ်ပါတယ်။
-
2015-12-16 -
-
-
ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP က ထုတ်ဝေလိုက်တဲ့ ၂ဝ၁၅ ခုနှစ် လူသားဖွံ့ဖြိုးမှုညွန်းကိန်းမှာ မြန်မာနိုင်ငံကို အဆင့် ၁၄၈ သတ်မှတ်ပြီး ဖွံ့ဖြိုးမှုနည်းပါးနိုင်ငံစာရင်း ထည့်သွင်းထားပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေ ထဲမှာ မြန်မာပြည်က အနိမ့်ဆုံးလည်းဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံ ၁၈၈ နိုင်ငံပါဝင်တဲ့ အဲဒီစာရင်းကို ၁။ ဖွံ့ဖြိုးမှု အလွန်မြင့်မားသောနိုင်ငံများ၊ ၂။ ဖွံ့ဖြိုးမှုမြင့်မားနိုင်ငံများ၊ ၃။ ဖွံ့ဖြိုးမှုအလယ်အလတ် နိုင်ငံများနဲ့ ၄။ ဖွံ့ဖြိုးမှုနည်း ပါးနိုင်ငံများဆိုပြီး အုပ်စု ၄ ခုခွဲထားပါတယ်။
UNDP က ဒီဇင်ဘာလ ၁၅ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အဲဒီစာရင်းအရ ကမ္ဘာပေါ်မှာ ဖွံဖြိုးမှုအမြင့်ဆုံးနိုင်ငံ အဖြစ် နော်ဝေနိုင်ငံကိုသတ်မှတ်ထားပြီး သြစတြေးလျက ဒုတိယနဲ့ ဆွစ်ဇာလန်က တတိယဖြစ်ပါတယ်။ အမေရိ ကန်ပြည်ထောင်စုက အဆင့် ၈ ဖြစ်ပြီး အာရှနိုင်ငံတွေထဲမှာ ထိပ်ဆုံးဖြစ်တဲ့ စင်္ကာပူက အဆင့် ၁၁၊ ဂျပန်က အဆင့် ၂ဝ၊ တရုတ်က အဆင့် ၉ဝ၊ ထိုင်းက ၉၃ နဲ့ အိန္ဒိယက အဆင့် ၁၃ဝ ဖြစ်ပါတယ်။
ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ်က နှစ်စဉ်ထုတ်ပြန်တဲ့ အဲဒီစာရင်းကို နိုင်ငံအသီးသီးရဲ့ လူ့သက်တမ်း၊ ပညာရေးနဲ့ လူနေမှုအဆင့်အတန်းတွေ အပေါ်မူတည်ပြီး တွက်ချက်တယ်လို့ သိရပါတယ်။ အခုထုတ်ပြန်တဲ့စာရင်းအရ လူမှုဘဝအမြင့်မားဆုံး နော်ဝေနိုင်ငံသားတွေရဲ့ ပျမ်းမျှလူ့သက်တမ်းက ၈၂ နှစ်နဲ့ ပျမ်းမျှတနှစ်ဝင်ငွေက ဒေါ်လာ ၆ သောင်းခွဲဖြစ်ပါတယ်။ နော်ဝေနိုင်ငံသားလူငယ်တွေ ပျမ်းမျှပညာသင်ကြတဲ့ကာလက ၁၈ နှစ်ဖြစ်ပါတယ်။
မြန်မာနိုင်ငံသားတွေရဲ့ သက်တမ်းက ၆၆ နှစ်၊ တနှစ်ဝင်ငွေက ဒေါ်လာ ၄၆ဝဝ နဲ့ လူငယ်တွေ ပျမ်းမျှ ပညာသင်ကြားကြတာက ၉ နှစ်ပဲရှိပါတယ်။ မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံသားတွေရဲ့ ပျမ်းမျှလူ့သက်တမ်းက ၇၅နှစ်၊ တနှစ်ဝင်ငွေက ဒေါ်လာ တစ်သောင်းသုံးထောင်ကျော်နဲ့ လူငယ်တွေ ပညာသင်ကြားတဲ့နှစ်က ၁၄ နှစ် ဖြစ်ပါတယ်။