ရာသီဥတု အဆိုးဝါးဆုံးစာရင်း မြန်မာပါဝင်
ကမ္ဘာ့ရာသီဥတုဒဏ် အဆိုးဝါးဆုံးခံရတဲ့ ထိပ်တန်း ၁၀ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံ ပါဝင်နေပြီး မိုဇမ်းဘစ်နိုင်ငံက အဆိုးဆုံးပဲ လို့လည်း German Watch ရာသီဥတုစောင့်ကြည့်ရေးအဖွဲ့ က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ပါရှိပါတယ်။
-
2016-11-08 -
-
-
ကမ္ဘာ့ရာသီဥတုဒဏ် အဆိုးဝါးဆုံးခံရတဲ့ ထိပ်တန်း ၁၀ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံ ပါဝင်နေပြီး မိုဇမ်းဘစ်နိုင်ငံက အဆိုးဆုံးပဲလို့လည်း German Watch ရာသီဥတုစောင့်ကြည့်ရေးအဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ပါရှိပါတယ်။ မနှစ်ကကြုံရတဲ့ ရာသီဥတုဒဏ် အပြင်းထန်ဆုံးခံစားရတဲ့ ထိပ်တန်း ၁၀ နိုင်ငံမှာ လေးနိုင်ငံက အာဖရိကတိုက်ကဖြစ်နေပြီး မြန်မာ့အိမ်နီးချင်း အိန္ဒိယနိုင်ငံလည်း ပါဝင်ပါတယ်။
ဒီဆယ်စုနှစ်အတွင်း ဖြစ်ပေါ်တဲ့ လူအသေအပျောက်ရှိတဲ့ အပူလှိုင်းတွေ၊ ဟာရီကိန်းမုန်တိုင်းတွေ၊ မိုးခေါင်တာ နဲ့ ရေလွှမ်းတာတွေဟာ လူကလုပ်တဲ့ ကမ္ဘာကြီးပူနွေးမှုကြောင့်ဖြစ်ပြီး ရှေ့လျှောက် ဒီထက်ဆိုးမယ်လို့ မော်ရိုကို နိုင်ငံမှာကျင်းပတဲ့ ကုလသမဂ္ဂရာသီဥတုဆိုင်ရာ ညီလာခံမှာ မနေ့က တင်သွင်းတဲ့ အစီရင်ခံစာတွေမှာပါရှိပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ဒီမိုကရက်တစ်ပါတီက သမ္မတလောင်း ဟီလာရီကလင်တန်နဲ့ ရာသီဥတု ပြောင်း လဲနေပါတယ်ဆိုတာ မဟုတ်ဘူးလို့ငြင်းတဲ့ ဒေါ်နယ်ထရန့်တို့ အကြိတ်အနယ်ယှဉ်ပြိုင်နေတဲ့ ရွေးကောက်ပွဲကို ကမ္ဘာက စောင့်ကြည့်ချိန်မှာ ရာသီဥတုပြောင်းလဲတာကို ကိုင်တွယ်ဖြေရှင်းရေး ပါရီ သဘောတူညီချက်ကို လက်တွေ့ဆောင်ရွက်ဖို့ ကုလသမဂ္ဂဆိုင်ရာ သံတမန်တွေ ဒုတိယမြောက်နေ့အဖြစ် ဆွေးနွေးကြချိန်မှာ အစီရင်ခံစာတွေ ထုတ်ပြန်ကြတာလည်း ဖြစ်ပါတယ်။
၂၀၁၁ ကနေ ၂၀၁၅ ခုနှစ်ဟာ ငါးနှစ်ဆက်တိုက် စံချိန်တင်အောင် အပူနွေးဆုံးနှစ်တွေဖြစ်ပြီး ဒီထဲ ၂၀၁၄ နဲ့ ၂၀၁၅ ဟာ အပူဆုံးနှစ်တွေပါပဲလို့ WMO ကမ္ဘာ့မိုးလေဝသအဖွဲ့က ပြောပါတယ်။
အန္တရာယ်လည်းရှိပြီး စရိတ်လည်းကုန်ကျတဲ့ ရာသီဥတုပြင်းထန်တဲ့ ဖြစ်ရပ်တွေဟာ လူကြောင့်ဖြစ်ရတယ်ဆိုတာ ပိုထင်သာမြင်သာရှိတယ်လို့ အစီရင်ခံစာတွေက ထောက်ပြပါတယ်။
၁၉၉၆ ကနေ ၂၀၁၅ အတွင်း ရာသီဥတုပြင်းပြင်းထန်ထန် ခံစားရမှုပေါင်းက တသောင်း တထောင်နီးနီးရှိပြီး ကမ္ဘာတဝန်း လူ ၅ သိန်းကျော် သေဆုံးခဲ့ရတယ်လို့လည်း German Watch က ပြောပါတယ်။ ဒီအတွက် ဒေါ်လာ ၃ trillion လောက်ထိ ပျက်စီးဆုံးရှုံးရတယ်လို့လည်း ဆိုပါတယ်။