မြန်မာနဲ့ ဆက်ဆံရေး တိုးတက်လိုကြောင်း ဘင်္ဂလားဒေ့ရှ် ပြောဆို

မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန် လိုတဲ့ ဆန္ဒ ရှိနေဆဲဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

မောင်တောမြို့မှာ ဇူလိုင်လ ၁၁ ရက်နေ့ကလုပ်ခဲ့တဲ့ မြန်မာ-ဘင်္ဂလားဒေ့ရ်ှ နှစ်နိုင်ငံနယ်စပ်အဆင့် အလံတင်အစည်း အဝေးမြင်ကွင်း photo: RFA/ Min Thein Aung

မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန်လိုတဲ့ ဆန္ဒ ရှိနေဆဲဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး က ပြောပါတယ်။

မြန်မာ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ နယ်ခြားစောင့်အဖွဲ့ချင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာက ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့ပြီး နှစ်ရက်အကြာမှာ အခုလိုပြောကြားခဲ့တာဖြစ်ကြောင်း BD News က ဖေါ်ပြပါတယ်။ မြန်မာအစိုးရဘက်ကတော့ သေဆုံး သူဟာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့ဝင်ဝတ်စုံ ဝင်ဆင်ထားသူ မဟုတ်ကြောင်း၊ မြန်မာနယ်စပ်ကို ကျုးကျော်ဝင်ရောက်လာခဲ့တာဖြစ်ကြောင်း ပြောပါတယ်။

အခုအခါ သေဆုံးသူရဲ့အလောင်းကို မြန်မာဘက်က လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်သလို၊ နယ်စပ်အခြေအနေ လည်း ပြန်လည်တည်ငြိမ်အေးဆေးလာပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ကပြောပါတယ်။

The Daily Star သတင်းစာမှာတော့ သေဆုံးသူရဲ့ မိသားစုအတွက် ဘင်္ဂလားဒေ့ရှ် တာကာငွေ တစ်သိန်း ထောက်ပံ့ မှာဖြစ်ပြီး၊ စည်းမျဉ်းဥပဒေအရ တခြားအထောက်အပံ့တွေလည်း ပေးသွားမယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်မှူးက ပြောဆိုကြောင်းဖေါ်ပြပါတယ်။

ဒီအတွင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ညွှန်ကြားရေးမှူးချုပ်ဟာ ဇွန်လ ၉ ရက်နေ့မှာ မြန်မာနိုင်ငံကို လာရောက်ဖို့ရှိပြီး၊ ဇွန်လ ၁၈ ရက်မှာတော့ နှစ်နိုင်ငံ နိုင်ငံခြားရေးဌာနက အဆင့်မြင့်အရာရှိတွေ ဒါကာမြို့မှာ လုံခြုံရေးကိစ္စတွေ ဆွေးနွေးကြမယ်လို့ သိရပါတယ်။

ဒါ့ပြင် စစ်တကောင်းမြို့ကနေ ကောက်စ်ဘဇားကိုဖြတ်ပြီး၊ မြန်မာနယ်စပ်အထိ၊ အဲဒီကတဆင့် တရုတ်ပြည်နဲ့ ဆက်သွယ်မယ့် ရထားလမ်းဖောက်လုပ်ဖို့ စီစဉ်နေတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org