နယ်စပ်မှာ အကြောင်းမဲ့ပစ်ခတ်မှုတွေ မဖြစ်ပွားရေး မြန်မာကို ဘင်္ဂလားဒေ့ရှ် တောင်းဆို
2019.04.08

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ဒေသမှာ အကြောင်းမဲ့ ပစ်ခတ်မှုတွေမဖြစ်အောင် ဆောင်ရွက်ဖို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် Md Shafeenul (မာမွတ်ရှာဖီနူးလ်) က မြန်မာဘက်ကို တောင်းဆိုလိုက်ပါတယ်။
ဒီနေ့ နေပြည်တော်က Royal ACE ဟိုတယ်မှာ ကျင်းပတဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားစောင့် တပ်ဖွဲ့တွေအကြား အဆင့်မြင့်အရာရှိကြီးတွေ အစည်းအဝေးမှာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ်က ပြောခဲ့တာပါ။
နှစ်နိုင်ငံနယ်စပ်မှာ တည်ငြိမ်အေးချမ်းရေးကို ပျက်စီးစေတဲ့ ပစ်ခတ်မှုတချို့ ရှိခဲ့တာကြောင့် အပြစ်မဲ့အရပ်သား သေဆုံးမှုတွေ ဖြစ်စေကြောင်း၊ ဒါကြောင့် နှစ်နိုင်ငံနယ်စပ် နှစ်ဘက်စလုံးမှာ အကြောင်းမဲ့ပစ်ခတ်မှုတွေ မဖြစ်အောင် ဆောင်ရွက်ပေးဖို့ တောင်းဆိုလိုကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံဘက်ကနေ မူးယစ်ဆေးဝါးတွေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ဝင်ရောက်မှု ပိုများလာကြောင်း၊ ဘင်္ဂလားဒေ့ရှ်ဘက်က နောင်မျိုးဆက်တွေကို မူးယစ်ဆေးဝါး သားကောင်တွေအဖြစ်ကနေ ကယ်တင်နိုင်ဖို့ မြန်မာနိုင်ငံဘက်က ကူညီမယ်လို့ မျှော်လင့်ကြောင်းလည်း ပြောခဲ့ပါတယ်။
တဆက်တည်းမှာပဲ မြန်မာရဲတပ်ဖွဲ့တွေ ဆောင်ရွက်နေတဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
ဒီနေ့အစည်းအဝေးမှာ နှစ်နိုင်ငံနယ်စပ် ပစ်ခတ်မှုတွေအပြင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ တရားမဝင် နယ်စပ်ဖြတ်ကျော်ကိစ္စရပ်တွေကို ဆွေးနွေးကြမယ်လို့လည်း သိရပါတယ်။
မြန်မာဘက်က ဦးဆောင်တက်ရောက်တဲ့ ရဲဦးစီးအရာရှိချုပ် ရဲမှူးချုပ် မျိုးသန်း ကတော့ နှစ်နိုင်ငံကြား ကိစ္စရပ်တွေကို ဖြေရှင်းဆောင်ရွက်တဲ့အခါမှာ နှစ်နိုင်ငံ သဘောတူညီချက်တွေကို လေးစားလိုက်နာဖို့ အဓိက ကျတယ်လို့ ပြောပါတယ်။
ဒါ့အပြင် အာဆာအကြမ်းဖက်သမားတွေက မြန်မာနိုင်ငံကို အကြမ်းဖက် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် နှစ်နိုင်ငံ အပြန်အလည် ချစ်ကြည်ရင်းနှီးမှု၊ နားလည်မှု၊ ယုံကြည်မှုတွေကို ထိခိုက်စေတဲ့ကိစ္စရပ်တွေ ဖြစ်ပေါ်လာတယ်လို့လည်း ဆိုပါတယ်။
အစည်းအဝေးမှာ နှစ်နိုင်ငံ နယ်ခြားစောင့်တပ်တွေကြား ပိုမိုပူးပေါင်းဆောင်ရွက်ဖို့၊ နယ်စပ်ဒေသ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာ သတင်းအချက်အလက်တွေ ဖလှယ်ဖို့ ကိစ္စတွေလည်း ဆွေးနွေးကြတယ်လို့ သိရပါတယ်။
နှစ်နိုင်ငံ နယ်ခြားစောင့်တပ် အဆင့်မြင့်အရာရှိတွေရဲ့ အစည်းအဝေးနဲ့ ပတ်သက်လို့ မနက်ဖြန် သတင်းစာရှင်းလင်းပွဲ ကျင်းပမှာဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။