မြန်မာ့အရေး ဘရူနိုင်းနဲ့ မလေးရှားခေါင်းဆောင်တွေ စိုးရိမ်

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှု ဆက်လက်ဖြစ်ပွားနေတာ အထူးစိုးရိမ်ကြောင်း ဘရူနိုင်းစော်ဘွားနဲ့ မလေးရှားဝန်ကြီးချုပ်တို့က ပြောကြားလိုက်ပါတယ်။

ဘရူနိုင်းစော်ဘွားနှင့် မလေးရှားဝန်ကြီးချုပ်တို့ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့က တွေ့ဆုံစဉ်။ Anwar Ibrahim

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှု ဆက်လက်ဖြစ်ပွားနေတာနဲ့ လူသားချင်းစာနာမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး အထူးစိုးရိမ်ကြောင်း ဘရူနိုင်းစော်ဘွားနဲ့ မလေးရှားဝန်ကြီးချုပ်တို့က ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံ ဖြစ်ပျက်နေတာတွေကိုလည်း ဆွေးနွေးကြတယ်လို့ Borneo Bulletin က သြဂုတ် ၂၆ ရက်က ဖော်ပြတာပါ။

၂၅ ကြိမ်မြောက် ဘရူနိုင်း-မလေးရှား ခေါင်းဆောင်တွေရဲ့ နှစ်ပတ်လည် ဆွေးနွေးညှိနှိုင်းပွဲ အပြီး သြဂုတ် ၂၆ ရက်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ မြန်မာနဲ့ ဂါဇာက ပဋ္ဋိပက္ခတွေကို အလေးထားဖော်ပြထားတယ်လို့လည်း ဆိုပါတယ်။

မြန်မာ့နိုင်ငံရေး ပြဿနာဖြေရှင်းဖို့ အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ကို ခေါင်းဆောင်နှစ်ယောက်စလုံးက ထပ်လောင်းလက်ခံပြီး သက်ဆိုင်သူအားလုံး ဒီ သဘောတူညီချက်ကို အပြည့်အဝ ထိထိရောက်ရောက် အကောင်အထည်ဖော်ဖို့ တိုက်တွန်းပါတယ်။

ဘုံသဘောတူညီချက် ငါးရပ်စလုံး အကောင်အထည်ဖော်ရေးအတွက် အာဆီယံအပြင် ကုလသမဂ္ဂအပါအဝင် တခြားမိတ်ဖက်တွေနဲ့ ခေါင်းဆောင်နှစ်ယောက်စလုံး နီးနီးကပ်ကပ်ဆောင်ရွက်ဖို့လည်း ပြောကြားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org