ကမ္ဘာ့နိုင်ငံကြီးတွေရဲ့ ဦးစားပေးအဆင့်မှာ မြန်မာ့အရေးရှိနေကြောင်း NUG ပြော

NUG ဖွဲ့စည်းပြီး သုံးနှစ်တာအတွင်း နိုင်ငံတကာနဲ့ ထိတွေ့ဆက်ဆံနိုင်ခဲ့တာကြောင့် ကမ္ဘာမှာအရေးကြီးကိစ္စတွေရှိပေမယ့် မြန်မာ့အရေးဟာ ကမ္ဘာ့နိုင်ငံကြီးတွေရဲ့ နိုင်ငံခြားရေးမူဝါဒမှာ ဦးစားပေးအဆင့်အနေနဲ့ ရှိနေဆဲပဲလို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့တွင်ကျင်းပသည့် Munich Security Conference 2024 တွင် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်အား တွေ့ရစဉ်။ Twitter/ Zin Mar Aung

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွဲ့စည်းပြီး သုံးနှစ်တာအတွင်း နိုင်ငံတကာနဲ့ ထိတွေ့ဆက်ဆံနိုင်ခဲ့တာကြောင့် ကမ္ဘာမှာအရေးကြီးကိစ္စတွေရှိပေမယ့် မြန်မာ့အရေးဟာ ကမ္ဘာ့နိုင်ငံကြီးတွေရဲ့ နိုင်ငံခြားရေးမူဝါဒမှာ ဦးစားပေးအဆင့်အနေနဲ့ ရှိနေဆဲပဲလို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။

၂၀၂၄ ခုနှစ်ဟာ အောင်မြင်မှုကိုဖော်ဆောင်နိုင်မယ့်နှစ်၊ ပန်းတိုင်ရဲ့အနီးကပ်ဆုံးကို ရောက်မယ့်နှစ်တစ်နှစ်လို့ ယုံကြည်ကြောင်း ဧပြီလ ၁၆ ရက်နေ့မှာ ကျရောက်တဲ့ NUG ဖွဲ့စည်းမှု သုံးနှစ်ပြည့်နေ့မှာ သူက ပြောလိုက်ပါတယ်။

မြန်မာပြည်သူတွေဟာ စစ်ကောင်စီကို အုပ်ချုပ်ခွင့်မရစေရဆိုတဲ့ သန္ဒိဋ္ဌာန်နဲ့ ကြံ့ကြံ့ခံရပ်တည်ခဲ့လို့ နိုင်ငံတကာရဲ့ စိတ်ဝင်စားမှုကို ရခဲ့တာဖြစ်ပြီး အကြမ်းမဖက်အာဏာဖီဆန်ရေး CDM မှာ ပါဝင်ခဲ့သူတွေ၊ သံတမန်တွေ၊ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် ပြည်သူအားလုံးကို ကျေးဇူးတင်တယ်လို့လည်း သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ NUG နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ အာဆီယံနဲ့ ပိုမိုချိတ်ဆက်ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၂၄ နှစ်ဆန်းပိုင်းမှာတော့ အမေရိကန်၊ ဂျာမနီနဲ့ ပြင်သစ်နိုင်ငံတွေကို သံတမန်ရေးအရ သွားရောက်ခဲ့တယ်လို့ ဆိုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို တရားဝင်အသိအမှတ်ပြုဖို့နဲ့ စစ်ကောင်စီကို နိုင်ငံတကာက အသိအမှတ်မပြုဖို့ လှုံ့ဆော်ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

NUG ရဲ့ ဝန်ကြီးဌာနအသီးသီးက သုံးနှစ်အတွင်း ဆောင်ရွက်ချက်တွေကို အွန်လိုင်းကနေ အကျဉ်းရုံးတင်ပြခဲ့ကြတာဖြစ်ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနရဲ့တင်ပြချက်မှာတော့ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့မှာ နေပြည်တော်စစ်ရုံးချုပ်နဲ့ အေလာလေယာဉ်ကွင်းကို ဒရုန်းနဲ့ တိုက်ခိုက်နိုင်ခဲ့ပြီး ဧပြီလ ၅ ရက်နေ့မှာ ကပစစက်ရုံ အမှတ် (၂၁) ကို တိုက်ခိုက်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က NUG ထံ ဧပြီလ ၁၆ ရက်နေ့ပေးပို့တဲ့ သဝဏ်လွှာမှာတော့ မဟာမိတ်အင်အားစုတွေနဲ့ ဆက်လက် လက်တွဲဖို့နဲ့ ပြည်ထောင်စုနဲ့ ဖက်ဒရယ်ယူနစ်တွေအကြား ပိုကောင်းတဲ့ အာဏာခွဲဝေကျင့်သုံးမှုစနစ်တွေကို တည်ဆောက်ဖို့ တိုက်တွန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org