ပဋိပက္ခဒဏ်ခံနေရတဲ့ ကလေးငယ်တွေ အရေးပေါ်အကူအညီလိုအပ်နေကြောင်း UNICEF ပြော
အသက် ငါးနှစ်အောက် ကလေးငယ်တွေ သေဆုံးနှုန်းဟာ တစ်ထောင်မှာ လေးဆယ်ရာခိုင်နှုန်းရှိနေပြီး အရှေ့တောင်အာရှမှာ အမြင့်မားဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
-
RFA Burmese
2024-12-05 -
-
-
လူပေါင်း သုံးသန်းခွဲနီးပါး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့အထိ ပဋိပက္ခတွေပြင်းထန်နေတဲ့ မြန်မာနိုင်ငံမှာ ကလေးငယ်တွေနဲ့ သူတို့ရဲ့မိသားစုတွေ အသက်ကယ်အကူအညီနဲ့ အရေးပေါ်ဝန်ဆောင်မှုရဖို့ လိုအပ်နေကြောင်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF)က ဒီဇင်ဘာလ ၅ ရက်နေ့က ထုတ်ပြန်ပါတယ်။
အထူးသဖြင့် ပဋိပက္ခဒဏ်ခံရပြီး ထိခိုက်လွယ်တဲ့ ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေအတွက် အသက်ကယ်ဝန်ဆောင်မှုရရှိရေး သိသိသာသာလျော့နည်းလာနေတယ်လို့ ဆိုပါတယ်။ ၂ဝ၂၅ ခုနှစ်မှာ ကလေး ၆ ဒသမ ၄ သန်းအပါအဝင် လူဦးရေ ၁၉ ဒသမ ၉ သန်းအတွက် လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်လိမ့်မယ်လို့ ဆိုပါတယ်။
အသက်ငါးနှစ်အောက် ကလေးငယ်တွေ သေဆုံးမှုဟာ တစ်ရာမှာ လေးယောက်နှုန်း ရှိနေပြီး အရှေ့တောင်အာရှမှာ အမြင့်မားဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ ပြင်းထန်တဲ့ ဝမ်းလျှောရောဂါဖြစ်ပွားမှုဟာ ကလေးသူငယ်တွေရဲ့ ကျန်းမာရေးနဲ့ အသက်ရှင်သန်ရေးကို ခြိမ်းခြောက်နေတယ်လို့လည်း ထောက်ပြပါတယ်။
ယိုယွင်းလာတဲ့ စီးပွားရေးအခြေအနေကြောင့် အသက်မွေးဝမ်းကျောင်းအခွင့်အလမ်းတွေ သိသိသာသာလျော့ကျသွားပြီး ကလေးငယ် ၅၅ ရာခိုင်နှုန်းနီးပါး ဆင်းရဲတွင်းနက်နေရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
UNICEF အနေနဲ့ မြန်မာနိုင်ငံက အကူအညီလိုအပ်နေသူတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ ပေးအပ်ဖို့နဲ့ အရေးကြီးဝန်ဆောင်မှုတွေကို လိုအပ်နေတဲ့ ကလေးငယ်တွေဆီ အကူအညီတွေ ရောက်ရှိရေးအတွက် ပြည်တွင်းပြည်ပမိတ်ဖက်တွေအပါအဝင် သက်ဆိုင်သူအားလုံးနဲ့ အတူတကွ ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် ကလေးငယ် သုံးသန်းအပါအဝင် လူပေါင်း လေးသန်းကျော်ကို အသက်ကယ်လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးအပ်နိုင်ဖို့ UNICEF က အမေရိကန်ဒေါ်လာ ၂၈၆.၄ သန်း တောင်းခံထားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။