တရုတ်နိုင်ငံ ဝမ်တိန်က မြန်မာတွေကို ပစ္စည်းယူခွင့်မပေးဘဲ နေရပ်ပြန်ခိုင်းနေ
တရုတ်နိုင်ငံ၊ ဝမ်တိန်မြို့မှာ ယာယီနေထိုင်ခွင့် ပေါက်ဖော်ကတ်နဲ့ နေသူတွေကို သက်တမ်းထပ်တိုးမပေးတော့ဘဲ နေရပ်ပြန်ခိုင်းနေတယ်လို့ ဝမ်တိန်မှာရှိတဲ့ မြန်မာနိုင်ငံသားတွေက RFA ကို ပြောပါတယ်။
- 2021-10-06
-
-
-
တရုတ်နိုင်ငံ၊ ဝမ်တိန်မြို့မှာ ယာယီနေထိုင်ခွင့် ပေါက်ဖော်ကတ်နဲ့ နေသူတွေကို သက်တမ်းထပ်တိုးမပေး တော့ဘဲ နေရပ်ပြန်ခိုင်းနေတယ်လို့ ဝမ်တိန်မှာရှိတဲ့ မြန်မာနိုင်ငံသားတွေက RFA ကို ပြောပါတယ်။
အရင်က အထောက်အထားမရှိတဲ့သူတွေကိုသာ နေရပ်ပြန်ခိုင်းတာဖြစ်ပေမယ့် အောက်တိုဘာလ ၅ ရက် မနေ့ကစပြီး ပေါက်ဖော်ကတ်လို့ခေါ်တဲ့ နေထိုင်ခွင့်လက်မှတ် သက်တမ်းကုန်သူတွေကိုပါ ထပ်တိုးမပေးဘဲ နေရပ်ပြန်ခိုင်းနေတာလို့ ဆိုပါတယ်။
နေထိုင်ခွင့်ကတ် သက်တမ်းကုန်ပေမယ့် တရုတ်ဘက်မှာ ဆက်နေချင်သူတွေဟာ သက်ဆိုင်ရာ ရဲစခန်းမှာ သွားရောက်သက်တမ်းတိုးတဲ့အခါ ရုံးတွေပိတ်ထားတယ်လို့ RFA ကို ပြောပါတယ်။
ပေါက်ဖော်ကတ်လို့ခေါ်တဲ့ နေထိုင်ခွင့်လက်မှတ်ဟာ တစ်နှစ်သက်တမ်းရှိပြီး ခြောက်လကိုတစ်ခါနဲ့ သုံးလနှစ်ခါ သက်တမ်းတိုးရတာပါ။
အောက်တိုဘာလ ၅ ရက် မနေ့ မနက်ပိုင်းကစပြီး သက်တမ်းကုန်နေသူတွေ အပါအဝင် အထောက်အထား မရှိသူ မြန်မာနိုင်ငံသား ၆၀၀ ဝန်းကျင်ကို ဖရဲကွင်းထဲမှာ စုပြုံခေါ်ထားတာကြောင့် သူတို့ရဲ့ စားရေးသောက် ရေးတွေ အခက်အခဲဖြစ်နေပြီး လက်ရှိအချင်းချင်းပဲ ကူညီပေးနေရတယ်လို့ နေရပ်ပြန်ရမယ့်သူတွေက ပြောကြပါတယ်။
နေရပ်ပြန်ရမယ့် မြန်မာနိုင်ငံသားတွေကိုလည်း သူတို့ပိုင်ဆိုင်တဲ့ ပစ္စည်းတွေသယ်ယူခွင့်မပေးဘဲ မူဆယ်ဘက် နန်းတော်ဂိတ်ပေါက်ကနေ ပြန်ပို့မယ်ဆိုတာကြောင့် ဝမ်တိန်မှာ နှစ်ချီအလုပ်လုပ်ခဲ့တဲ့သူတွေအနေနဲ့ ကိုယ်ပိုင် ဆိုင်တဲ့ပစ္စည်း မရဘဲ နေရပ်ပြန်ရမှာကို စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ကိုယ်ပိုင်တဲ့ပစ္စည်းတွေကိုသယ်ယူပြီး ကျင်စန်းကျော့ဂိတ်ပေါက်ကနေသာ ပြန်ခွင့်ရဖို့အရေး အာဏာပိုင်တွေဘက်က ကူညီပေးစေချင်တယ်လို့ နေရပ်ပြန်ရဖို့ဖြစ်နေတဲ့ မြန်မာနိုင်ငံသားတွေက ပြောပါတယ်။
ဝမ်တိန်မြို့ဟာ မြန်မာနိုင်ငံနယ်စပ် မူဆယ်မြိုနဲ့ တရုတ်နိုင်ငံ ကျင်စန်းကျော့ဂိတ်ကို အဓိကထားပြီး နှစ်နိုင်ငံ ကုန်သွယ်မှု လုပ်နေတာဖြစ်ပါတယ်။
အရင်က နေ့စဉ် ပုံမှန်ကုန်သွယ်ရေးလုပ်နေချိန် ဝမ်တိန်မှာ မြန်မာနိုင်ငံသား ၆၀၀၀ ခန့်နေထိုင်ကြပြီး တရုတ် နိုင်ငံဘက်က ဂိတ်ပေါက်တွေ စပိတ်လိုက်တဲ့ ဇူလိုင်လထဲမှာတော့ ပထမအကြိမ်အဖြစ် မြန်မာနိုင်ငံသား တွေကို နေရပ်ပြန်ပို့ခဲ့တာကြောင့် လက်ရှိ ၂၀၀၀ ဝန်းကျင်ပဲ ဝမ်တိန်ထဲမှာ ကျန်ခဲ့တာပါ။
အဲဒီအထဲက အယောက် ၆၀၀ ကျော်ကို နေရပ်ထပ်ပြန်ခိုင်းနေတာကြောင့် ဝမ်တိန်မှာ မြန်မာနိုင်ငံသား ၁၀၀၀ ကျော်လောက်ပဲ ကျန်တော့မှာဖြစ်ပါတယ်။