တရုတ်နယ်စပ် ချင်းရွှေဟော်ဂိတ်မှ ကုန်ပစ္စည်းတင်သွင်းမှု ၆ ရက်နေ့ စပိတ်မည်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းရွှေဟော် နယ်စပ် ဂိတ်တစ်ဆင့် အိမ်နီးချင်း တရုတ်နိုင်ငံဘက်ကနေ ကုန်ပစ္စည်းတင်သွင်းမှု အပေါ် ကိုဗစ် - ၁၉ ကာကွယ်ရေးပစ္စည်းကလွဲပြီး ကျန်တာတွေကို အောက်တိုဘာ ၆ ရက်နေ့က စပိတ်မယ်လို့ စစ်ကောင်စီ လက်အောက်ခံ ကုန်သွယ်ရေးဦးစီးဌာနက မနေ့က ကြေညာထားပါတယ်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်နယ်စပ်မှာ တရုတ်ပြည်က ပြန်လာသူတွေကို ၂၀၂၀ ဖေဖော်ဝါရီလက တွေ့ရစဉ် Photo: RFA

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းရွှေဟော်နယ်စပ် ဂိတ်တစ်ဆင့် အိမ်နီးချင်း တရုတ်နိုင်ငံဘက်ကနေ ကုန်ပစ္စည်းတင်သွင်းမှုအပေါ် ကိုဗစ် - ၁၉ ကာကွယ်ရေးပစ္စည်းကလွဲပြီး ကျန်တာတွေကို အောက်တိုဘာ ၆ ရက်နေ့က စပိတ်မယ်လို့ စစ်ကောင်စီ လက်အောက်ခံ ကုန်သွယ်ရေး ဦးစီးဌာနက မနေ့က ကြေညာထားပါတယ်။

ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းဟာ မူဆယ်ကုန်သွယ်ရေးပြီးရင် ဒုတိယအကြီးဆုံးဖြစ်ပြီး တရုတ်နိုင်ငံဘက်ကနေ စက်ပစ္စည်း၊ စိုက်ပျိုးရေးပစ္စည်းနဲ့ လူသုံးကုန်တွေ အဓိကတင်သွင်းနေသလို မြန်မာနိုင်ငံကနေလည်း ဆန်၊ ပဲတီစိမ်း၊ ကုလားပဲ၊ ငါးခြောက်နဲ့ လယ်ယာထွက်ကုန်တွေကို တရုတ်နိုင်ငံဘက် တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံကတော့ ကိုဗစ် - ၁၉ ကိုအကြောင်းပြပြီး အခုနှစ်အစကတည်းက နယ်စပ်ကုန်သွယ်ရေး ဂိတ်တွေကို ကန့်သတ်ချက်တွေနဲ့ပဲ ဝင်ထွက်ခွင့်ပြုထားသလို ဇူလိုင်လမှာတော့ နယ်စပ်ဂိတ်အားလုံးကို လုံးဝပိတ်ထားခဲ့တာဖြစ်ပါတယ်။

စက်တင်ဘာလတုန်းကတော့ တရုတ်နိုင်ငံဘက်က နယ်စပ်ဂိတ်တွေကို ပြန်ဖွင့်နိုင်ဖို့ ကြိုးစားနေသလို မြန်မာဘက်ကလည်း လောက်ကိုင်မြို့နယ် ရန်လုံကျိုင်း တံတားအနီးမှာ နှစ်နိုင်ငံ ယာယီနယ်စပ်ဂိတ်ဖွင့်နိုင်ဖို့ သွားရောက်ကြည့်ရှုတာတွေ ရှိခဲ့ပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း မူဆယ်လမ်းကြောင်းဟာ ကိုဗစ်ကန့်သတ်ချက်တွေ များတဲ့အတွက် နှစ်နိုင်ငံညှိနှိုင်းပြီး စားသုံးကုန်နဲ့ ပို့ကုန်တွေ ပြန်လည်ကုန်သွယ်နိုင်မယ့် ချင်းရွှေဟော် လမ်းကြောင်းကိုဖွင့်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ စက်တင်ဘာလ ၂၉ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

နယ်စပ်ဂိတ်တွေ ပြန်ဖွင့်နိုင်ဖို့ နှစ်နိုင်ငံကြိုးစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပြီး နောက်မှာပဲ မြန်မာနိုင်ငံဘက်က အခုလို ချင်းရွှေဟော်ဂိတ်ကိုပိတ်ဖို့ ညွန်ကြားချက်ထွက်လာတာဖြစ်ပါတယ်။

ကုန်သွယ်ရေးဂိတ်တွေ ပိတ်ထားတဲ့အတွက် နယ်စပ်ကုန်သွယ်ရေးစခန်းကိုမှီခိုနေရတဲ့ မြန်မာလုပ်သား လေးထောင်ကျော်အပါအဝင် ကုန်သည်တွေ၊ တောင်သူတွေရဲ့ အကျိုးစီးပွားတွေ အများကြီး ထိခိုက် နေရတယ်လို့ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းမှာ လုပ်ကိုင်နေသူတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org