ကျောက်ဖြူ စီမံကိန်း မြန်မာနဲ့ တရုတ် လက်မှတ်ထိုးမည်
ရခိုင်ပြည်နယ် ကျောက်ဖြူရေနက်ဆိပ်ကမ်း တည်ဆောက်ရေးစီမံကိန်းအတွက် မြန်မာအစိုးရနဲ့ တရုတ်ပြည်ရဲ့ နိုင်ငံပိုင် CITIC လုပ်ငန်းအုပ်စုတို့ လာမယ့်သီတင်းပတ်အတွင်း လက်မှတ်ရေးထိုး ကြဖွယ်ရှိတယ်လို့ တရုတ်အစိုးရအာဘော် ဂလိုဘယ်တိုင်း သတင်းကဖေါ်ပြပါတယ်။
-
2018-11-02 -
-
-
ရခိုင်ပြည်နယ် ကျောက်ဖြူရေနက်ဆိပ်ကမ်း တည်ဆောက်ရေးစီမံကိန်းအတွက် မြန်မာအစိုးရနဲ့ တရုတ်ပြည်ရဲ့ နိုင်ငံပိုင် CITIC လုပ်ငန်းအုပ်စုတို့ လာမယ့်သီတင်းပတ်အတွင်း လက်မှတ်ရေးထိုးကြဖွယ်ရှိတယ်လို့ တရုတ် အစိုးရအာဘော် ဂလိုဘယ်တိုင်း သတင်းကဖေါ်ပြပါတယ်။
ဒီစီမံကိန်းမှာ တရုတ်ဘက်က ရင်းနှီးမြှုပ်နှံမှုပမာဏ ၈၅ ရာနှုန်းကနေ ၇၀ ရာနှုန်းကို လျှော့ချဖို့ သဘောတူညီ ခဲ့ပြီးတဲ့နောက် နှစ်နိုင်ငံ လက်မှတ်ရေးထိုးဖို့ ဖြစ်လာခဲ့တယ်လို့ဆိုပါတယ်။
ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း ပထမအဆင့်မှာ အမေရိကန်ဒေါ်လာ ၁.၃ ဘီလျံ အကုန်အကျခံဖို့ သဘောတူညီခဲ့ပြီး၊ CITIC လုပ်ငန်းအုပ်စုနဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီတို့ နိုဝင်ဘာလ ၈ ရက်နေ့မှာ လက်မှတ်ရေးထိုးကြမှာဖြစ်ကြောင်း ကုန်သွယ်ရေး ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောပါတယ်။
၂၀၁၅ ခုနှစ် ဒီဇင်ဘာလက CITIC လုပ်ငန်းအုပ်စုဟာ ကျောက်ဖြူရေနက်ဆိပ်ကမ်း တည်ဆောက်ရေးစီမံကိန်းကို ခန့်မှန်းကုန်ကျငွေ ဒေါ်လာ ၇ ဘီလျံနဲ့ တည်ဆောက်ဖို့ ကနဦး လုပ်ကိုင်ခွင့်တင်ဒါ အောင်ခဲ့ပါတယ်။ အဲဒီတင်ဒါဟာ အရင်သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်ကဖြစ်ပြီး၊ တရုတ်ဘက်က ရင်းနှီးမြှုပ်နှံမှု အချိုး ၈၅၊ မြန်မာဘက် ၁၅ အချိုးနဲ့ သဘောတူညီခဲ့တာဖြစ်ပါတယ်။