ရန်ကုန်တိုင်းမှာ ယာယီဆေးရုံတွေ တိုးချဲ့ဖို့ အစိုးရ ပြင်ဆင်
ရန်ကုန်တိုင်းမှာ ပိုးတွေ့လူနာတွေ တဖြည်းဖြည်းများလာတာကြောင့် ယာယီဆေးရုံ တွေ တိုးချဲ့ဖွင့်လှစ်ဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပြင်ဆင်နေပါပြီ။
-
ကျော်လွင်ဦး
2020-09-11 -
-
-
ရန်ကုန်တိုင်းမှာ ပိုးတွေ့လူနာတွေ တဖြည်းဖြည်းများလာတာကြောင့် ယာယီဆေးရုံတွေ တိုးချဲ့ဖွင့်လှစ်ဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပြင်ဆင်နေပါပြီ။
ကျန်းမာရေးဝန်ကြီးဌာနရဲ့ စက်တင်ဘာလ ၁၁ ရက်နေ့မနက် ၈ နာရီ ထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၁၅ ယောက် ထပ်မံတွေ့ရှိခဲ့တာကြောင့် အခုဆိုရင် မြန်မာနိုင်ငံမှာ ရောဂါပိုးကူးစက်ခံရသူ ၂၂၆၅ ယောက်ရှိသွားပါပြီ။ ဒီအထဲမှာ ရန်ကုန်တိုင်းက အများဆုံးဖြစ်ပြီး၊ ၁ဝ၅၃ ယောက် ရှိပါတယ်။
ဒီလို တစ်နေ့ထက်တစ်နေ့ ရောဂါပိုးကူးစက်ခံရသူတွေ များလာနေတာကြောင့် COVID-19 ကုသရေးဌာန ဖောင်ကြီးမှာ ယာယီဆေးရုံတွေ တိုးချဲ့ဖွင့်လှစ်ဖို့ ကျန်းမားရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက မနေ့ကလုပ်တဲ့ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
ရန်ကုန်တိုင်းအတွင်း အားကစားနဲ့ ကာယပညာဦးစီးဌာန လက်အောက်က Quanrantine လို့ခေါ်တဲ့ ကန့်သတ် စောင့်ကြည့်ရေးစခန်းတွေ၊ အားကစားရုံတွေကို အသုံးပြုနိုင်အောင် ပြင်ဆင်ဖို့ကိုလည်း ဝန်ကြီးက တိုက်တွန်းခဲ့ ပါတယ်။
လူနာတွေများလာတဲ့အခါ လူမနေသေးတဲ့ အိမ်ယာတွေ၊ တိုက်ခန်းတွေ၊ အားကစားရုံတွေ၊ တက္ကသိုလ်တွေကို လည်း ကြပ်မတ်စောင့်ကြည့်ခံရမယ့် လူနာတွေကိုထားဖို့ ပြင်ဆင်ထားတယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။
“ဒီထက်နှစ်ဆဖြစ်လာရင် ဘယ်လိုလုပ်မလဲဆိုတာ တွက်ထားရမှာဖြစ်တယ်။ ပိုးတွေ့လူနာမှာ ရောဂါလက္ခဏာ မရှိဘူး။ အသက်အရွယ်ငယ်ပြီး၊ နောက်ခံရောဂါ မရှိဘူးဆိုရင် ဆေးရုံမှာမထားဘဲ သီးခြားတစ်နေရာမှာထားပြီး၊ စောင့်ကြပ်ကြည့်ရှုပြီးတော့ လုပ်မယ်။ သူတို့တွေက သီးသန့်ကုသမှုတွေ ထွေထွေထူးထူး မလိုဘူးပေါ့နော်။ နဂိုကတည်းက နောက်ခံရောဂါရှိတယ်။ အသက်ကြီးတဲ့လူတွေ၊ PUI လို့ခေါ်တဲ့ သံသယလူတွေကိုတော့ သေချာဆေးရုံတင်ပြီးတော့ စောင့်ကြည့်မယ်။ ဒါမျိုးတွေလည်း အပိုင်းလိုက်ခွဲပြီး ဆောင်ရွက်ဖို့ရှိပါတယ်”
ကန့်သတ်စောင့်ကြည့်ရေးစခန်း ဝင်တဲ့သူတွေကို အရင် ၃ ပတ်နေဖို့ သတ်မှတ်ထားရာကနေ လက်ရှိမှာ ၂ ပတ် လျှော့ချခဲ့ပါတယ်။ ပိုးတွေ့လူနာတွေကိုလည်း အရင်က ၂ ကြိမ်စစ်ပြီးလို့ ပိုးမရှိမှ ဆေးရုံက ဆင်းခွင့်ပေးခဲ့ပေမယ့် အခု ရောဂါသက်သက်သာရင် ၁၄ ရက်နောက်ပိုင်း ဆေးရုံဆင်းခွင့်ပေးတာ စတဲ့မူဝါဒတွေကိုလည်း ကျန်းမာရေး ဝန်ကြီးဌာနက လျှော့ချခဲ့ရပါတယ်။
ရန်ကုန်တိုင်းမှာ နေ့စဉ်ပိုးတွေ့လူနာဟာ ရာဂဏန်းထိရှိနေပြီး၊ နေ့စဉ် လူနာ ၃ဝ လောက် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးကို ရောက်လာနေတဲ့အတွက် နေရာအခက်အခဲတွေ ဖြစ်နိုင်တယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ် ဆေးကုသမှုဌာနက ပါမောက္ခ ဒေါက်တာမော်မော်ဦးက ပြောပါတယ်။
“တစ်နေ့တစ်နေ့ကို ရန်ကုန်ဆေးရုံကြီးကနေ ပိုးတွေ့လူနာ ၂ဝ ကျော် ၃ဝ ကျော် အမြဲပုံမှန်လို ထွက်နေတယ်။ ထွက်နေတဲ့အတွက် အကျိုးသက်ရောက်မှု ကြီးပါတယ်။ ဒီနှုန်းအတိုင်း ဆက်ထွက်နေမယ်ဆိုရင် မကြာခင် အချိန်မှာပဲ Shutdown ပေါ့ ဒါမှမဟုတ် စနစ်ကြီးတစ်ခုလုံး ဖရိုဖရဲ ဖြစ်သွားနိုင်ခြေရှိတယ်”
ပုံမှန်ဆိုရင် ရန်ကုန်ဆေးရုံကြီးမှာ လူနာ ၄ဝ လောက်ပဲ နေ့စဉ်လက်ခံနိုင်တဲ့ အခြေအနေရှိတယ်လို့ ဆိုပါတယ်။ အခုဆိုရင် ကိုဗစ်ရောဂါလက္ခဏာတွေထဲက အနံ့၊ အရသာ မရတော့တဲ့သူ ၇ဝ လောက်ကို ရန်ကုန်ဆေးရုံကြီးမှာ နေ့စဉ်စစ်ဆေးပေးနေရတယ်လို့ ဒေါက်တောမော်မော်ဦး က ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ရှိ - မရှိ ဆေးရုံတွေမှာသာ အရင်က စစ်ဆေးနိုင်ပေမယ့် အခု လူထုအခြေပြု ဖျားနာကုသ ဆေးခန်းတွေမှာ နမူနာယူနိုင်အောင် ပြင်ဆင်တဲ့အနေနဲ့ အင်းစိန်ဆေးရုံက ဖျားနာကုသဆေးခန်းမှာ စမ်းသပ်သဘော စလုပ်မယ်လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။
“အင်းစိန်ဆေးရုံရဲ့ Community Fever Clinic မှာ လာပြတဲ့သူတွေကို Swab ယူမယ်။ တကယ်လို့ ပိုးမရှိဘူးဆိုရင်တော့ အိမ်မှာပဲ ဆက်နေပေါ့။ တကယ်လို့ ပိုးတွေ့တယ်ဆိုရင်တော့ ဆေးရုံတင်ပြီး၊ လိုအပ်တဲ့ သီးခြားထားရှိ ကုသမှုတွေ လုပ်ရမှာပေါ့။ ဒါလုပ်ဖို့အတွက်ကို ပြည်ထောင်စုဝန်ကြီးက အကြမ်းဖျဉ်းအားဖြင့် လောလောဆယ် သဘောတူထားတယ်။ ဒါနဲ့ပတ်သက်လို့ အစမ်းလုပ်ကြည့်တဲ့ သဘောမျိုးဖြစ်ပါတယ်။ ပိုးရှိတဲ့လူ ၁ဝဝ မှာ ၇၃ ရာခိုင်နှုန်းက ရောဂါလက္ခဏာ လုံးဝ မပြဘူး။ ဒါနဲ့ပတ်သက်ရင် ဘယ်လောက်ထိ စစ်နိုင်လဲ။ ဓာတ်ခွဲဌာနတွေကလည်း စစ်ဆေးမှုတွေက စစ်ဆေးနိုင်သလောက် အစွမ်းကုန် နီးပါးဖြစ်နေပြီ။ Community Fever Clinic ကို လာတဲ့သူတိုင်းရဲ့ ပို့လိုက်တဲ့ တို့ဖတ်နမူနာကို စစ်ဆေးဖို့ဆိုတာက အခက်အခဲတွေရှိတယ်။ Community Fever Clinic မှာ လာတဲ့သူတွေရဲ့ ဘယ်လိုအချက်အလက်တွေနဲ့ ကိုက်ညီမှ နမူနာကို ယူမယ်ဆိုတဲ့ လမ်းညွှန်မှုတွေတော့ ထုတ်ဖို့ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကောင်းလား။ မကောင်းလား ဆိုတာကတော့ ပြောဖို့စောနေပါတယ်။ အတိုင်းအတာတစ်ခုအထိတော့ ထိရောက်နိုင်တယ်။ ဒါက အန္တရာယ်ရှိတဲ့ကိစ္စ ဖြစ်တဲ့အတွက် စနစ်တကျလုပ်ရမယ်”
ရန်ကုန်တိုင်းအတွင်းက မြို့နယ်အားလုံးနီးပါးကို နေအိမ်မှာပဲနေဖို့ ကန့်သတ်ထားသလို ရန်ကုန်ပြင်ပ ခရီးမသွားဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း တိုက်တွန်းထားပါတယ်။
ဒီလိုကန့်သတ်ချက်တွေအပြင် ပိုးတွေ့လူနာတစ်ဦးတွေ့ရင် သူနေထိုင်တဲ့ တိုက်၊ လမ်းနဲ့ အလုပ်ရုံတွေကို ပိတ်ဆို့တာတွေကြောင့်လည်း ပြည်သူတွေရဲ့ နေ့စဉ်ဘဝတွေမှာ အခက်အခဲတွေ ကြုံနေကြပါတယ်။
ရန်ကုန်အခြေစိုက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ စိမ်းလန်းအမိမြေအဖွဲ့က ဦးဝင်းမျိုးသူကတော့ ရုံးပိတ်လိုက်ရလို့ အလုပ်မှာကြုံရတဲ့ အခက်အခဲကို ပြောပြပါတယ်။
“ကျနော်တို့ရုံးဆိုလည်း လူနာတစ်ယောက် ထိသွားတယ်လေ၊ ထိသွားတာနဲ့ချက်ချင်းကို အစိုးရက ပိတ်ပစ် လိုက်တာ၊ ကျနော်တို့ဆို ဓာတ်ခွဲခန်းတွေရှိတာပေါ့။ ဓာတ်ခွဲခန်းထဲမှာ စမ်းသပ်နေတာတွေ ရှိတယ်။ ဓာတ်ခွဲခန်းက ရထားတဲ့ ရလဒ်တွေကို စောင့်နေတဲ့ ကုမ္ပဏီတွေ လုပ်ငန်းရှင်တွေရှိတယ်။ သူတို့လုပ်ငန်း တွေပါ တောက်လျှောက်သွားပြီးတော့ တနွယ်ငင်တစင်ပါ ထိခိုက်သွားတာပေါ့ဗျာ”
နိုင်ငံတော်တော်များများမှာတော့ ပိုးတွေ့လူနာတွေ၊ ထိတွေ့သူတွေကို နေအိမ်မှာပဲ စောင့်ကြည့်ကုသပေးနေ ပေမယ့် မြန်မာနိုင်ငံမှာတော့ လူနေထိုင်မှု ပုံစံအနေအထားအရ နေအိမ်တွေဟာ ကျဉ်းကြပ်တာကြောင့် နေအိမ်မှာပဲ ကြပ်မတ်စောင့်ကြည့်တဲ့အဆင့်ကို ကျင့်သုံးဖို့ အဆင်မပြေဘူးလို့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ရက်ပိုင်းက စကားဝိုင်းတစ်ခုမှာ ပြောထားပါတယ်။
မြန်မာနိုင်ငံမှာ ဒုတိယအများဆုံးဖြစ်တဲ့ ရခိုင်ပြည်နယ်မှာတော့ ရောဂါပိုး ကူးစက်ခံရသူတွေ နည်းလာပြီး၊ ပိုးတွေ့လူနာတွေလည်း ဆေးရုံက ဆင်းနိုင်တာတွေကြောင့် အခြေအနေတွေကို ထိန်းချုပ်လာနိုင်ပြီလို့ စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က ပြောပါတယ်။ ရခိုင်မှာ ရောဂါပိုး ကူးစက်ခံထားရသူ ၆၇၅ ယောက်ရှိပြီး၊ ဒီအထဲက စစ်တွေဆေးရုံမှာ ကုသပေးနေတဲ့ ပိုးတွေ့လူနာ ၃ဝဝ ကျော်မှာ ပျောက်ကင်းလို့ ဆေးရုံဆင်းခွင့်ရသူ ၁၆၃ ယောက် ရှိပါတယ်။
အရင်က ပိုးတွေ့လူနာတွေ များသလို၊ သူတို့ကိုထားဖို့ နေရာမလုံလောက်တာကြောင့် အခက်အခဲရှိခဲ့တယ်လို့ ဒေါက်တာဇော်လွင်က ပြောပါတယ်။ လက်ရှိမှာ လူနာ ၃ဝဝ ထားနိုင်တဲ့နေရာတွေ ပြင်ဆင်ထားပြီး၊ လုပ်အား ပေးတွေ အပါအဝင် ကျန်းမာရေးဝန်ထမ်း အင်အားများတာကြောင့် အခက်အခဲမရှိတော့ဘူးလို့ ဒေါက်တာ ဇော်လွင်က ဆိုပါတယ်။
ဒီပိုးတွေ့လူနာတွေကို ကုပေးရင်း ကျန်းမာရေးဝန်ထမ်း ၂၁ ဦး ကူးစက်ခံခဲ့ရပြီး၊ လက်ရှိမှာ သုံးဦး ဆေးရုံမှာ ရှိသေးတယ်လို့ ဒေါက်တာ ဇော်လွင်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ပိုးတွေလူနာ ၂၂၆၅ ယောက်၊ သေဆုံးသူ ၁၄ ယောက်နဲ့ စောင့်ကြည့်လူနာ ၈၇၅ဝ ရှိနေပါတယ်။ ပိုးတွေ့လူနာတွေထဲမှာ ရန်ကုန်တိုင်းက အများဆုံးဖြစ်ပြီး၊ ရခိုင်ပြည်နယ်က ဒုတိယ၊ ပဲခူးတိုင်းက တတိယနဲ့ မန္တလေးက စတုတ္ထနေရာမှာ ရှိနေပါတယ်။