စစ်တွေမှာ အတည်ပြုလူနာ လေးဦး ရှိလာ
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ပြည်ပခရီးသွားရာဇဝင်မရှိဘဲ ပြည်တွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့သူ လေးရက်အတွင်း လေးဦး ရှိလာနေပါတယ်။ ဒီလို အသစ်တွေ့ရှိမှုတွေကြောင့် ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေ လိုက်နာဖို့ ကျန်းမာရေးဌာနက တိုက်တွန်းလိုက်ပါတယ်။
-
2020-08-19 -
-
-
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ပြည်ပခရီးသွားရာဇဝင်မရှိဘဲ ပြည်တွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့သူ လေးရက်အတွင်း လေးဦး ရှိလာနေပါတယ်။ ဒီလို အသစ်တွေ့ရှိမှုတွေကြောင့် ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေ လိုက်နာဖို့ ကျန်းမာရေးဌာနက တိုက်တွန်းလိုက်ပါတယ်။
ပြည်ပခရီးသွား ရာဇဝင်လည်းမရှိ၊ ရောဂါပိုးကူးစက်ခံရတဲ့သူနဲ့ ထိတွေ့မှုလည်း မရှိတဲ့ စစ်တွေမြို့က အမျိုးသမီး သုံးဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ သြဂုတ် ၁၉ ရက်နေ့ မနက်မှာ သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ ရက်နေ့ကလည်း စစ်တွေက ဘဏ်ဝန်ထမ်း အမျိုးသမီးတစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း ထုတ်ပြန်ထားပြီး သူ့ကို လူနာအမှတ် ၃၇၅ အဖြစ် သတ်မှတ်ခဲ့ပါတယ်။
ဒီကနေ့ ထုတ်ပြန်တဲ့ အတည်ပြုလူနာ သုံးဦးမှာ လူနာအမှတ် ၃၇၅ နဲ့ အတူတူ အလုပ်လုပ်ခဲ့တဲ့ ဘဏ်ဝန်ထမ်း နှစ်ဦး ပါဝင်ပါတယ်။ နောက်တစ်ဦးကတော့ လူနာအမှတ် ၃၇၅ နဲ့ တိုက်ရိုက် ထိတွေ့မှုမရှိခဲ့တဲ့ NGO ဝန်ထမ်းတစ်ဦးဖြစ်တယ်လို့ စစ်တွေမြို့ ပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာ ဇော်လွင်က RFA ကို ပြောပါတယ်။
“ဒီနေ့ သုံးယောက်တွေ့ပါတယ်။ တစ်ယောက်က မနေ့က ဖျားလို့ ဆေးရုံမှာ လာပြတာပေါ့နော်။ နောက်နှစ်ယောက်က Home quarantine က တွေ့တာ။ NGO ဝန်ထမ်းတစ်ယောက်ရယ်။ နောက်နှစ်ယောက်က CB ဘဏ်ဝန်ထမ်းတွေရဲ့အမေတွေပေါ့။ အခု ဆေးရုံကို ရောက်နေပြီ။ စစ်တွေဆေးရုံကြီးမှာ ဆေးကုသပေးနေတယ်ပေါ့။ ရောဂါလက္ခာဏာမပြဘဲနဲ့လည်း ပြည်သူတွေကြားထဲမှာ ရောဂါပိုးရှိတဲ့သူတွေလည်း ရှိနေနိုင်တဲ့အတွက် ပြည်သူတွေအားလုံးဟာ ဒီကိုရိုနာဗိုင်းရစ်ရောဂါကို ကာကွယ်ဖို့အတွက် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြဋ္ဌာန်းထားတဲ့ စည်းမျည်းစည်းကမ်းတွေကို အထူးလိုက်နာဖို့ လိုအပ်ပြီလို့ပြောချင်ပါတယ်။"
မနေ့က စစ်ဆေးခဲ့တဲ့သူတွေထဲက အခုလို ပိုးတွေ့လူနာ သုံးဦး ထပ်တွေ့ခဲ့တာကြောင့် သူတို့နဲ့ ဆက်စပ်ခဲ့တဲ့သူတွေကို ဆက်လက် စစ်ဆေးနေတယ်လို့လည်း ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်က ပြောပါတယ်။
“မနေ့ကပို့လိုက်တဲ့ ဘဏ်ဝန်ထမ်းတွေရဲ့မိသားစုဝင်အပါအဝင် သုံးယောက်တွေ့တယ်။ သူတို့ကို စစ်တွေဆေးရုံကြီးကို ရွှေ့ပြောင်းပြီး စောင့်ကြပ်ကြည့်ရှုထားတယ်။ တောက်လျှောက် စစ်ဆေးနေပါတယ်။”
စစ်တွေမြို့ခံတစ်ဦးဖြစ်တဲ့ ဦးထွန်းလင်းအောင်ကတော့ ကူးစက်မှု ရာဇဝင်ကို မသိရသေးတဲ့အတွက် စိတ်ပူမိတယ်လို့ ဆိုပါတယ်။
“စစ်တွေမြို့ ကူးစက်ခံရတာ လေးယောက်တောင် ဖြစ်သွားပြီဆိုတော့ ကျနော်တို့က တော်တော် စိုးရိမ်နေပြီ။ ဘာလို့လဲဆိုတော့ ကူးစက်ခံရတဲ့တွေဟာလည်း ခရီးသွားရာဇဝင်မရှိဘူး။ ပြည်တွင်းကူးစက်မှုဖြစ်နေတယ်။ ဒါကြောင့် ကျွန်တော်တို့ ပိုစိုးရိမ်တာက ဘယ်သူက ဒီပိုးကိုသယ်လာတာလဲ။ ဘယ်လမ်းကြောင်းကလာလဲ ဆိုတာကို မသိတဲ့အတွက် ကျွန်တော်တို့ ပိုပြီးစိုးရိမ်ရပါတယ်။”
ဒေသတွင်းကူးစက်မှု ရှိနေတာကြောင့် စစ်တွေမြို့ကို အသွားအလာ ကန့်သတ်သင့်တယ်လို့ ရခိုင်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံးရဲ့ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောပါတယ်။
“စစ်တွေမြို့ရဲ့အခြေအနေကတော့ စိုးရိမ်တဲ့သူတွေလည်း တော်တော်လည်းကို စိုးရိမ်စိတ် လွန်နေကြတာပေါ့နော်။ လူမသိ သူမသိ ကိုယ့်ကိုယ်ကိုယ် ကူးစက်လို့ ကူးစက်နေမှန်း မသိတဲ့သူတွေဆီကနေတစ်ဆင့် ကူးစက်နေတဲ့ အနေအထားမျိုးဖြစ်နေတယ်ပေါ့။ ဒါကြောင့် အခြေအနေကတော့ စိုးရိမ်ရတဲ့ အခြေအနေ ရှိတယ်။ အခုက စစ်တွေမြို့ အဝင်အထွက်တွေကို ကန့်သတ်ရမယ့် အခြေအနေ ရှိတယ်။ နောက်ပြီး ပိုးတွေ့လူနာနဲ့ ဆက်စပ်တဲ့ နေအိမ်တွေ၊ ရုံးတွေ ဒါကို lockdown ချဖို့ လိုနေတာပေါ့နော်။”
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကတော့ လတ်တလော ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စစ်တွေမြို့တွင်း အသွားအလာ ကန့်သတ်ဖို့ကိစ္စ အပါအဝင် ကူးစက်မှု ဟန့်တားရေးလုပ်ငန်းတွေကို အစိုးရအဖွဲ့အတွင်း ဆွေးနွေးနေပြီး ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဖို့အတွက်တော့ ဆောင်ရွက်သွားဖို့ ရှိတယ်လို့ ပြောပါတယ်။
“အဲဒါတွေကိုတော့ အခုအစည်အဝေး ရှိတယ်။ အစည်းအဝေးက ဆုံးဖြက်ချက်တွေကို ကြည့်ရမှာပေါ့နော်။ အခု ကိုရိုနာဗိုင်းရစ်ကူးစက်မှုနဲ့ ပတ်သက်လို့ ပြည်သူတွေကို အသိပညာပေး လုပ်ငန်းတွေလုပ်ဖို့ အတိုင်းအတာတော့ ရှိတယ်ပေါ့နော်။ နှာခေါင်းစည်းတွေ ဖြန့်ပေးမယ်။ လက်သန့်ဆေးရေတွေ ဖြန့်ပေးမယ်။နောက်ပြီးတော့ ပြည်သူတွေကို နှာခေါင်းစည်းတပ်ပြီး သွားလာဖို့ အသိပညာပေးသွားဖို့ စီစဉ်ထားတယ်။”
လူနာ အမှတ် ၃၇၅ ရဲ့မိသားစုအပါအဝင် ထိတွေ့ခဲ့သူ စစ်တွေမြို့က ၅၁ ဦး၊ ကျောက်ဖြူမြို့က ၃၃ ဦးကို သြဂုတ်လ ၁၇ ရက်နေ့မှာ စစ်ဆေးတဲ့အခါ ပိုးမတွေ့ရှိခဲ့ပါဘူး။
ထိတွေ့မှုရှိခဲ့သူတွေထဲက စစ်တွေမြို့က ၅၅ ဦးနဲ့ ပုဏ္ဏားကျွန်းမြို့က ၁၂ ဦးကို စစ်ဆေးတဲ့အခါမှာ အခုလိုတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်းက ဘူးသီးတောင်၊ မောင်တော၊ စစ်တွေ၊ သံတွဲ၊ တောင်ကုတ်၊ ကျောက်တော် စတဲ့မြို့နယ်တွေမှာ အတည်ပြုလူနာ (၁၆) ဦးရှိခဲ့ဖူးပါတယ်။ သူတို့တွေ ပိုးကင်းစင်သွားတာကြောင့် ပြီးခဲ့တဲ့ သြဂုတ်လ ၃ ရက်နေကပဲ ဆေးရုံက ဆင်းခွင့်ပေးခဲ့ပါတယ်။