စစ်တွေမှာ အတည်ပြုလူနာ ၁၆ ဦးထပ်တိုး၊ တစ်ပတ်အတွင်းပိုးကူးခံရသူ ၄၅ ဦး အထိရှိလာ
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြည်တွင်းကူးစက်ခံရတဲ့ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့လူနာ ၄၅ဦးအထိ တိုးလာနေပါတယ်။ နောက်ထပ် ပိုးတွေ့လူနာတွေကို ကုသပေးဖို့အတွက် လည်း စီစဉ်ထားတယ်လို့ စစ်တွေဆေးရုံအုပ်ကြီး က ပြောပါတယ်။
-
နီမင်းထွန်း
2020-08-22 -
-
-
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြည်တွင်းကူးစက်ခံရတဲ့ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့လူနာ ၁၆ ဦး ထပ်တွေ့ တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဒီနေ့ မနက်ပိုင်းက သတင်းထုတ်ပြန်ပါတယ်။
အခု စစ်တွေမြို့မှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ ကူးစက်မြန်မျိုးဗီဇပြောင်းတဲ့ ဗိုင်းရပ်စ်ပိုးဖြစ်နိုင်သလို လူအများကြား ရောဂါလက္ခဏာမပြဘဲ ကူးစက်နေနိုင်တာမို့ အဲဒီမျိုးဗီဇကိုဖော်ထုတ်သွားမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ပိုးတွေ့လူနာတွေ များလာတဲ့အတွက် စစ်တွေဆေးရုံကြီးမှာ နေရာတွေ ထပ်တိုးချဲ့ထားသလို ဒီထက်မက ပိုးတွေ့လူနာတွေ ထပ်တိုးလာရင်လည်း ကုသပေးဖို့ နေရာတွေထားဖို့ စီစဉ်ထားတယ်လို့ စစ်တွေ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က RFA ကိုပြောပါတယ်။
“လက်ရှိ စစ်တွေဆေးရုံမှာက မနေ့ကအထိလူနာ ၂၈ ယောက်ရှိတယ်။ ဒီမနက် ၁၆ ယောက်တိုးတော့ အကုန်လုံး ၄၄ ယောက်ဖြစ်သွားပြီ။ အဲဒီအထဲမှာ ဆေးရုံဝန်ထမ်း နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန် တစ်ယောက်ရယ်။ သူနာပြုနှစ်ယောက်ပါတယ်။ သူတို့ကိုထားမယ့်နေရာက အရင်ကတည်းက လူအယောက် ၆၀ စာလောက် ပြင်ဆင်ပြီးသားဖြစ်တယ်။ နောက်ထပ်လည်း လူတစ်ရာလောက် ထားလို့ရအောင် ပြင်ဆင် နေတယ်ပေါ့နော်။ အဲဒီ ထက်တိုးလာရင်တော့ အပြင်နေရာတွေရှိပါတယ်။ သူနာပြုသင်တန်းကျောင်းတို့ တိုင်းရင်းဆေးရုံတို့ အားကစားရုံတို့ အဲဒီမှာ ဆေးရုံတွေဖွင့်လှစ်ဖို့အတွက် ဆောင်ရွက်လျက်ရှိပါတယ်”
မနေ့က သြဂုတ်လ ၂၁ ရက်နေ့ကလည်း တစ်ရက်တည်းမှာတင် ပြည်တွင်းကူးစက်ခံရတဲ့ ပိုးတွေ့ လူနာ ၂၀ ဦး တွေ့တယ်လို့ ထုတ်ပြန်ထားသလို ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ ရက်နေ့၊ ၁၉ ရက်နေ့နဲ့ ၁၆ ရက်နေ့ကလည်း ပြည်တွင်း ကူးစက်ခံရတဲ့ ပိုးတွေ့လူနာ ၉ဦး တွေ့တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူ စည်ပင်သာယာရေဝန်ကြီး ဦးဝင်းမြင့်ကလည်း စစ်တွေဆေးရုံကြီးမှာ ကုသရေးပိုင်းမှာ အားဖြည့်ပေးဖို့ ဆရာဝန် ၁၀ ယောက် ရောက်နေပြီလို့ပြောပါတယ်။
“မနက်ကပဲ ငါတို့ အစီအစဉ်ချထားတာပဲ။ အခုက ၄၅ ဦးရှိနေပြီ ထပ်တိုးလာရင် ထားမယ့်နေရာ အဲဒါကို သီးခြား သီးခြားထားဖို့။ ဘယ်လိုလူနာမျိုးကို ဘယ်နေရာမှာထားမယ် အဲဒါတွေကိုအကုန်လုံး အစီအစဉ် ချထားတယ်။ မနက်ကပဲ ဆရာဝန်တွေရောက်လာရင်လည်း ဘယ်မှာထားမယ် နေရာတွေ လောလောဆယ် ဆရာဝန် ၁၀ ယောက် တာဝန်ထမ်းဆောင်ဖို့ရောက်နေတယ်”
ရခိုင်ပြည်နယ်ထဲက အရပ်ဘက်အဖွဲ့အစည်း ခြောက်ခုတို့ ပူးပေါင်းပြီး ကိုရိုနာဗိုင်းရပ်စ်ကိစ္စ ကာကွယ် တားဆီးနိုင်ရေး ဆောင်ရွက်နေတယ်လို့ ရခိုင်လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေး အဖွဲ့ (AHCT) အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောပါတယ်။
“လောလောဆယ်မှာတော့ ကျွန်တော်တို့ AHCT ကနေပြီးတော့ စစ်တွေတက္ကသိုလ်အဟောင်းမှာ ကွာရန်တင်း ဝင်မယ့်သူ ၁၀၀ ယောက်လောက် ထားပေးနိုင်ဖို့အတွက်ကို ပြင်ဆင်နေပါတယ်ပေါ့နော်။ အခုကရုတ်တရက် ဖြစ်လာတဲ့အခါကျတော့လေ အစိုးရပိုင်းမှာရော တခြား ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကူညီဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေမှာရော တော်တော်လေးတော့ လုပ်ရကိုင်ခက်ခဲ့နေတဲ့ အခြေနေမှာရှိတယ်ပေါ့နော်။ ဒါပေမဲ့ ကျွန်တော်တို့လည်း မတတ်နိုင်ဘူးလေနော်။ ဒီလို အခက်အခဲတွေ ကြားထဲကပဲ စီစဉ်လုပ်သွားရတော့မှာပဲပေါ့”
စစ်တွေမှာ အခုလို ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့လူနာတွေ များလာတဲ့အတွက် ဒေသခံတွေဟာ စိုးရိမ်ထိတ်လန့် နေကြတယ်လို့ စစ်တွေမြို့ခံ ဦးကျော်သိန်းထွန်းက ပြောပါတယ်။
“စိုးရိမ်မှုတွေတော့ ရှိတာပေါ့ဗျာ။ အခုက အသွားအလာတွေလည်း ကန့်သတ်ထားတယ်ဆိုတော့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး အကုန်လုံးထိခိုက်တာပေါ့ဗျာ။ အဲဒီတော့ ဒီရောဂါကို အကုန်လုံးပူးပေါင်းပြီးတော့ ပြည်သူလူထုရော၊ ကျန်းမာရေးဝန်ထမ်းတွေရော၊ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေရော တက်ညီလက်ညီ ပူးပေါင်းပြီးတော့ မြန်မြန်ဆန်ဆန်ကာကွယ်ထိမ်းချုပ်နိုင်ရင် အကောင်းဆုံးပဲလို့ ဆန္ဒရှိပါတယ်”
ရခိုင်ပြည်နယ်အတွင်းမှာ ဒီတစ်ပတ်အတွင်း ပြည်တွင်းကူးစက်ခံရတဲ့ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့လူနာ စစ်တွေမြို့မှာ ၄၄ ဦးနဲ့ မြောက်ဦးမှာ တစ်ဦး စုစုပေါင်း ၄၅ ဦးအထိ ရှိနေတာပါ။
စစ်တွေမြို့မှာတော့ အခုလို ကူးစက်မှုတွေများလာတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ဖို့အတွက် သြဂုတ် လ ၂၂ ရက် မနေ့ကစပြီး ညမထွက်ရအမိန့်ကို ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက (၂) လ အထိ ထုတ်ပြန်ထားပါတယ်။