ကိုရိုနာဗိုင်းရပ်စ်ပိုး အတည်ပြုလူနာ ၁၄ ဦးထဲက တစ်ဦး သေဆုံး
ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုထားတဲ့လူနာတွေထဲက ရန်ကုန်၊ မင်္ဂလာတောင်ညွှန်မြို့နယ်က အမှတ်၅ လူနာဟာ ဒီမနက်မှာ သေဆုံးသွားတယ်လို့ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခင်ခင်ကြီးက RFA ကို ပြောပါတယ်။
-
ကျော်လွင်ဦး
2020-03-31 -
-
-
ရန်ကုန်က ဝေဘာဂီအထူးကုဆေးရုံ အထူးကြပ်မတ်ဆောင်မှာ ဆေးကုသမှုခံယူနေတဲ့ မင်္ဂလာတောင်ညွန့်မြို့နယ် က ကိုရိုနာအတည်ပြု လူနာအမှတ် ၅ ဟာ အပြင်းအထန် အဆုတ်ရောင်တာနဲ့ သွေးအဆိပ်တက်တာကြောင့် သေဆုံးသွားတာလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခင်ခင်ကြီးက ပြော ပါတယ်။
“သူရဲ့နဂိုရောဂါအခံကလည်း ပြင်းထန်လွန်းတယ်၊ အသက်ကလည်း ၆၉ နှစ်ဖြစ်တယ်၊ ဒါတွေဟာ အသက်ရှူ လမ်းကြောင်းမှာ ရောဂါပြင်းပြင်းထန်ထန်ဖြစ်ရင် ကယ်တင်နိုင်မှာမဟုတ်ဘူး၊ ကျမတို့တင်မဟုတ်ဘူး တိုးတက် တဲ့နိုင်ငံတွေဖြစ်တဲ့ အမေရိကန်တို့ ဗြိတိန်တို့ အီတလီတို့မှာတောင် အသက်ကြီးပြီး ရောဂါကြီးကြီးမားမားရှိတဲ့သူ ဆိုရင် သေဆုံးတာများပါတယ်၊ အထူးသဖြင့် သေဆုံးတဲ့ကိစ္စပြောမယ်ဆိုရင်တော့ အပြင်းအထန်အဆုတ်ရောင် တာနဲ့ သွေးအဆိပ်တက်တာကြောင့် သေဆုံးရတာဖြစ်ပါတယ်၊ သူတို့ကိုပံ့ပိုးပေးတာကတော့ ကိုဗစ်ဖြစ်ပါတယ်”
ဒီလူနာ အမှတ် ၅ ဟာ အသက် ၆၉ နှစ်အရွယ်ရှိပြီး နှာခေါင်းကင်ဆာရောဂါရှိတာကြောင့် ၂၀၁၉ ခုနှစ်ကတည်းက ဓာတ်ရောင်ခြည်ကုထုံးကို သြစတြေးလျနိုင်ငံမှာ သွားရောက်ကုသနေသူ ဖြစ်ပါတယ်။
သူဟာ ဖေဖော်ဝါရီလကတည်းက သြစတြေးလျနိုင်ငံမှာ သွားရောက်ဆေးကုသခံခဲ့ပြီး မတ်လ ၁၄ရက်နေ့မှာ စင်္ကာပူနိုင်ငံကတဆင့် မြန်မာနိုင်ငံကို ပြန်ရောက်လာတာလို့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။
မြန်မာနိုင်ငံကိုပြန်ရောက်ပြီးနောက် လေးရက်အကြာ မတ်လ ၁၈ ရက်နေ့မှာ ဖျားနာတာ၊ လည်ချောင်းနာတာ၊ ချောင်းဆိုးတာကြောင့် ရန်ကုန်ဆေးရုံကြီးမှာ တက်ရောက်ကုသနေရင်း ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးတွေ့ရှိ တာကြောင့် ဝေဘာဂီဆေးရုံကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
သူ့ရဲ့မိသားစုဝင် ၁၇ ဦးစလုံးဟာ စောင့်ကြည့်လူနာစာရင်းထဲမှာ ရှိနေပေမယ့် ဖျားနာခြင်းမရှိဘဲ အားလုံး ကျန်းမာရေးကောင်းမွန်တယ်လို့ မင်္ဂလာတောင်ညွှန့်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေး က ပြောပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ မတ် ၁၉ ရက် ထုတ်ပြန်ချက်အရ ကိုရိုနာပိုးကူးစက်ခံထားရသူတွေထဲက ငါးရာခိုင်နှုန်းကသာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ ရောဂါလက္ခဏာတွေကို ခံစားရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ပိုးကူးစက်ခံရသူ အယောက် ၁၀၀ မှာ ငါးယောက်ကသာ သေဆုံးနိုင်တာလို့ သိရပါတယ်။
အသက်အရွယ်ကြီးသူတွေ၊ ကင်ဆာရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုး၊ နှလုံးရောဂါ၊ အသည်းရောဂါ၊ ကျောက်ကပ် ရောဂါစတဲ့ နာတာရှည်ရောဂါအခံရှိသူတွေ၊ စတီးရွိုက်ဆေး ရေရှည်သောက်သုံးနေရသတွေနဲ့ ခုခံအားကျဆင်း တဲ့ရောဂါရှိသူတွေမှာ ကိုရိုနာပြင်းထန်ပြီး အသက်သေဆုံးတဲ့အထိဖြစ်ပွားနိုင်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ကလည်း ထုတ်ပြန်ထားပါတယ်။
ဒီမနက် သေဆုံးတဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်က လူနာ အမှတ် ၅ ဟာ အသက်ကြီးတာ၊ ကင်ဆာရောဂါအခံ ရှိတာနဲ့ ကင်ဆာရောဂါအတွက် ဓာတ်ရောင်ခြည်ကုသမှု ခံယူခဲ့ရတာတွေကြောင့် ခုခံအားကျဆင်းနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့လယ်မှာ ထုတ်ပြန်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရတိုင်း သေဆုံးတာမဟုတ်ဘဲ အများသောအားဖြင့် သက်ကြီးရွယ်အိုတွေနဲ့ ရောဂါအခံရှိသူတွေသာ သေဆုံးတာလို့ အထွေထွေရောဂါကုဆရာဝန် ဒေါက်တာကျော်စွာဦးက ပြောပါတယ်။
“လူ၁၀၀ဖြစ်တယ်ဆိုရင် လူ ၈၀ ဟာ ဆေးရုံတောင်တင်စရာမလိုဘူး၊ သူတို့ရဲ့ခုခံစနစ်နဲ့ ပြန်ကောင်းသွားနိုင် တယ်၊ ၁၅ ရာခိုင်နှုန်းကတော့ ဆေးရုံးတက်ကုသရမယ့်အခြေအနေရှိတယ်၊ ငါးရာခိုင်နှုန်းကတော့ နောက်ဆုံး အရေးပေါ်ကုရမယ့် အခြေအနေပေါ့၊ နိုင်ငံအလိုက် သေဆုံးနှုန်းကိုကြည့်မယ်ဆိုရင် တရုတ်နိုင်ငံမှာဆိုရင် လေးရာခိုင်နှုန်း၊ အီတလီတို့ဘာတို့မှာဆိုရင် ၄.၇ ရာခိုင်နှုန်း သေတယ်လို့ ယူဆလို့ရတယ်၊ ကိုဗစ်ရောဂါပိုးတွေ့တဲ့ သူတိုင်း အသက်ဆုံးရှုံးတာ မဟုတ်ပါဘူး”
မနေ့ညကအထိ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွေအရ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်ပိုး တွေ့ရှိထားတဲ့ ၁၄ ဦးထဲမှာ လူနာအမှတ် ၉ နဲ့ အမှတ် ၁၄ ဟာ ထိုင်းနိုင်ငံကနေ မြဝတီနဲ့ တာချီလိတ်မြို့ကနေ ပြန်ဝင်လာသူတွေ ဖြစ်ပါတယ်။
မြဝတီနယ်စပ်ဂိတ်ကနေ ပြီးခဲ့တဲ့ ၁၀ရက်အတွင်း လူပေါင်း၂၃၀၀၀ ကျော် ပြန်လည်ဝင်ရောက်လာပြီး နိုင်ငံအနှံ့မှာ ရောက်နေတာဖြစ်လို့ အဲဒီထဲမှာ ကိုရိုနာပိုးပါတဲ့သူတွေရှိနိုင်တာကြောင့် ကပ်ရောဂါအသွင်ဖြစ်သွားနိုင်တယ်လို့ ကျန်းမာရေးဝန်ကြီး က သတိပေးထားပါတယ်။
ဒါကြောင့် မြဝတီနယ်စပ်ဂိတ်ကနေ ပြည်တွင်းပြန်လာမယ့်သူတွေကို သူတို့နေရပ်အသီးသီးကို တိုက်ရိုက်ပြန်ခွင့် မပြုတော့ဘဲ အစိုးရကစီစဉ်ပေးတဲ့ သတ်မှတ်နေရာတွေမှာ ထိန်းချုပ်ကန့်သတ်စောင့်ကြည်မှု ၁၄ ရက် မဖြစ် မနေခံယူရမယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာနက မနေ့ညက ကြေညာလိုက်ပါတယ်။
ဒီလိုစီစဉ်လိုက်တာဟာ ရောဂါပိုးကို အမြန်စစ်ဆေးနိုင်ဖို့ ဖြစ်သလို အခြားသူတွေကို ကူးစက်မယ့်အခြေအနေကို ထိန်းချုပ်နိုင်ဖို့လည်း ရည်ရွယ်တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။
“စောင့်ကြည်ကာလ ၁၄ ရက်မှာ ဖျားတယ်နာတယ်ချောင်းဆိုတယ်၊ ရောဂါလက္ခဏာပေါ်လာရင် သူတို့ကိုထိထိ ရောက်ရောက် ကုသပေးနိုင်ဖို့၊ သူတို့ကနေ တခြားလူမကူးစက်စေဖို့၊ စောစောပြောစောစောသိ များများအကျိုးရှိ လို့ နိုင်ငံတော်အတိုင်ပင်ခံပြောသလိုပဲ စောစောသိနိုင်ဖို့က စောစောပြောဖို့လိုတယ်၊ စောစောပြောနိုင်ဖို့ကလည်း သူတို့ကိုစောင့်ကြည်ဖို့ လိုအပ်တယ်၊ ဒါကိုရည်ရွယ်ပြီး ဆောင်ရွက်ရခြင်းဖြစ်ပါတယ်၊ Quarantine မှာမလိုက်နာတဲ့ လူတွေကိုလည်း ပြင်းပြင်းထန်ထန်တိတိကျကျ အရေးယူမှာလည်းဖြစ်ပါတယ်”
အလားတူ ထိုင်းနိုင်ငံနဲ့နယ်နမိတ်ချင်းထိစပ်နေတဲ့ တနင်္သာရီတိုင်းမှာလည်း ပြည်တွင်းပြန်လာသူတွေ သောင်းဂဏန်းရှိပါတယ်။ နယ်စပ်ကနေ ပြန်လာသူတွေကို စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေမှာ ကန့်သတ် စီစဉ်ထားတယ်လို့ တနင်္သာရီတိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး ဦးကျော်မင်း က ပြောပါတယ်။
“သက်ဆိုင်ရာကျေးရွာတွေမှာလည်း quarantine လုပ်ဖို့ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေမှာ လုပ်နေ ကြတယ်၊ သက်ဆိုင်ရာကျန်းမာရေးဌာနနဲ့ ပူးပေါင်းပြီး လုပ်နေကြတယ်၊ တိုင်းအဆင့် quarantine လုပ်နိုင်ဖို့ရင် ထားဝယ်မြို့ပေါ်မှာ စာသင်ကျောင်းတွေ အဆင့်သင့်လုပ်ထားပါတယ်၊ မြိတ်ကော ကော့သောင်းရော အဆင့်သင့် လုပ်ထားပါတယ်”
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး အတည်ပြုလူနာ ၁၄ ဦးထဲက လူနာအမှတ် ၈ ကလွဲပြီး ကျန်တဲ့လူနာတွေဟာ ကျန်းမာရေး ကောင်းမွန်တယ်လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။
အသက် ၆၀ အရွယ် လူနာအမှတ် ၈ ဟာ ပြင်သစ်နိုင်ငံသား သုံးဦးနဲ့အတူ မန္တလေး၊ မုံရွာ၊ ပုဂံ၊ ကလော၊ အင်းလေး စတဲ့ နေရာအချို့ကို သွားရောက်ခဲ့တဲ့ ဧည့်လမ်းညွှန်ဖြစ်ပါတယ်။