ငါးထောင်တန်၊ တစ်သောင်းတန်တွေ ရုပ်သိမ်းမယ်ဆိုတာ ကောလာဟလလို့ ဗဟိုဘဏ်ကြေညာ

ငွေငါးထောင်တန်၊ တစ်သောင်းတန်တွေ ရုပ်သိမ်းမယ်ဆိုတာ ကောလာဟလ ဖြစ်ပြီး ငွေကြေးနဲ့ ဘဏ်လုပ်ငန်းဆောင်ရွက်ချက်တွေအပေါ်မှာ ပြည်သူတွေ မစိုးရိမ်ကြဖို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ကြေညာချက်ထုတ်လိုက်ပါတယ်။

မြန်မာကျပ်ငွေ တစ်သောင်းတန်များ ကိုင်ထားတာကို တွေ့ရစဉ် AFP Photo

ငွေငါးထောင်တန်၊ တစ်သောင်းတန်တွေ ရုပ်သိမ်းမယ်ဆိုတာ ကောလာဟလဖြစ်ပြီး ငွေကြေးနဲ့ ဘဏ်လုပ်ငန်း ဆောင်ရွက်ချက်တွေအပေါ်မှာ ပြည်သူတွေ မစိုးရိမ်ကြဖို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ကြေညာချက်ထုတ် လိုက်ပါတယ်။ ဘဏ်တွေပိတ်သိမ်းမယ်ဆိုတာလည်း သတင်းမှားဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထား ပါတယ်။

ငွေကြေးနဲ့ ဘဏ်လုပ်ငန်းဆောင်ရွက်ချက်တွေအပေါ် စိုးရိမ်မှုမရှိဘဲ ယုံကြည်စိတ်ချစွာ ဆက်လက်အသုံးပြု နိုင်ကြောင်း၊ ဘဏ်ဝန်ဆောင်မှုတွေကို ပုံမှန်အတိုင်းဆောင်ရွက်နိုင်အောင် ဘဏ်တွေကို ညွှန်ကြားထားပြီး ဖြစ်ကြောင်း ဗဟိုဘဏ်က ကြေညာလိုက်တာပါ။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးကလည်း အခြေခံဥပဒေမှာ တရားဝင်ငွေကြေးကို တရားမဝင်ငွေကြေးအဖြစ် မလုပ်ဘူးလို့ အာမခံထားပြီးဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

"ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပုဒ်မ ၃၆ (င) မှာ နိုင်ငံတော်က တရားဝင်ငွေကြေးတွေကို တရားမဝင် ငွေကြေးအဖြစ် ဘယ်တော့မလုပ်ဘူးလို့ အာမခံထားတယ်၊ အဲဒီတော့ ဘယ်လိုမှဖြစ်စရာအကြောင်း မရှိပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါထားပြီးသားပဲ"

တပ်မတော် အာဏာသိမ်းပြီး သုံးရက်မြောက်နေ့ဖြစ်တဲ့ ဖေဖော်ဝါရီ ၃ရက် ဒီနေ့မှာ နိုင်ငံတော်ဗဟိုဘဏ်က ထုတ်ထားတဲ့ တစ်သောင်းတန် ငွေစက္ကူတွေကို တရားမဝင်ငွေကြေးအဖြစ် သိမ်းဆည်းမယ်ဆိုတဲ့ ကောလာ ဟလတွေ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့လာတာကြောင့် ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြတာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org