လိမ်လည်မှု သတိထားဖို့ စင်္ကာပူရောက် မြန်မာတွေကို သံရုံး သတိပေး
စင်ကာပူနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာ နိုင်ငံသားတွေကို ဖုန်းတွေ၊ ဖေ့စ်ဘွတ် နဲ့ မေးလ်တွေကနေတဆင့် ငွေကြေးလိမ်လည်တောင်းခံမှုတွေ ဖြစ်ပေါ်နေတာကြောင့် သတိပြုရှောင်ရှားကြဖို့ စင်ကာပူ နိုင်ငံမှာရှိတဲ့ မြန်မာသံရုံးက ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
-
2016-07-19 -
-
-
Your browser doesn’t support HTML5 audio
စင်ကာပူနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို ဖုန်းတွေ၊ ဖေ့စ်ဘွတ်နဲ့ မေးလ်တွေကနေ တဆင့် ငွေကြေးလိမ်လည်တောင်းခံမှုတွေ ဖြစ်ပေါ်နေတာကြောင့် သတိပြုရှောင်ရှားကြဖို့ စင်ကာပူနိုင်ငံမှာ ရှိတဲ့ မြန်မာသံရုံးက ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
မေးလ်မှာ တစ်နေ့ကို ငွေလိမ်တောင်းတဲ့စာ ၇ စောင်လောက် နေ့စဉ်ရောက်နေသလို ကံစမ်းမဲပေါက်တာကြောင့် ပစ္စည်းလွှဲခပေးဖို့ ဖုန်းဆက်ပြီး တောင်းတာတွေ ရှိနေကြောင်း စင်ကာပူနိုင်ငံမှာ အလုပ်လုပ်ကိုင်ေနတဲ့ ကိုဇေယျ က ပြောပါတယ်။
"အခုနောက်ပိုင်းတော်တော်များတယ်၊ ကျနော်အီးမေးဆို နေ့တိုင်းတက်တယ်၊ ၆ခု၊ ၇ခုလောက်တက် တယ်၊ အဖွဲ့အစည်းတော်တော် ကြီးကြီးမားမားနဲ့ကို လှုပ်ရှားကြပုံရတယ်၊ ကျနော်ကြုံတွေ့ရတာကတော့ ထီပေါက်တယ်ပေါ့နော်၊ အဲ့ထီထုတ်ဖို့အတွက်ကို ကျနော့်အကောင့်နံပါတ် ကိုပေးရမယ်၊ အဲ့အကောင့်ထဲ ကို ငွေလွှဲဖို့ပေါ့၊ ဖုန်းနဲ့ကျတော့ မမြင်ရတဲ့အခွင့်အရေးတစ်ခုကို ရတယ်ဆိုပြီးစပြောတာပေါ့၊ ဒီပစ္စည်းကို လွှဲခအတွက် Western Union ကနေလွှဲခိုင်းတာ"
+၆၀၁၆.....၊ +၁၆၃၉.......၊ +၈၅၂၃.......၊ +၁၆၅၅...... နံပါတ်တွေနဲ့စတဲ့ ဖုန်းတွေ၊ ဆိုရှယ် မီဒီယာဖေ့စ်ဘွတ် စတဲ့နေရာတွေကနေ ဆက်သွယ်ပြီး ပါဆယ်ထုတ် လက်ဆောင်ပစ္စည်းတွေပေးပို့မယ့် အကြောင်း၊ တန်ဖိုးကြီး ပစ္စည်းတွေဖြစ်တဲ့ ရွှေထည် နဲ့ ငွေသားတွေပါဝင်တာကြောင့် လက်ခံရရှိသူက Registration Fee နဲ့ အကောက် ခွန်ဌာနကို အခွန်ငွေပေးသွင်းနိုင်ဖို့အတွက် ငွေလွှဲပေးဖို့ တောင်းဆိုတာတွေ ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အဲ့လိုပုံစံမျိုးနဲ့ ငွေကြေးလိမ်လည်နေတာဟာ ပြီးခဲ့တဲ့ ၆ နှစ်လောက်ထဲက စဖြစ်ခဲ့တာဖြစ်ပြီး ခုနောက်ပိုင်းမှာ ပိုများလာတာ ဖြစ်တယ်လို့ စင်ကာပူနိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေက ပြော ပါတယ်။
အလိမ်ခံရသူတွေမှာ မြန်မာနိုင်ငံသားတွေတင်မဟုတ်ဘဲ လူမျိုးပေါင်းစုံ ပါဝင်ကြပြီး သံရုံးတွေကို တိုင်တန်းသူတွေ ရှိပါတယ်။
စင်ကာပူနိုင်ငံမှာ ငွေကြေးလိမ်လည်တောင်းခံတာတွေဟာ လွန်ခဲ့တဲ့ ၆နှစ်လောက်ကစပြီး ဖြစ်ပွားနေရာကနေ အခုနောက်ပိုင်း ပိုမိုအဖြစ်များလာတယ်လို့ ကိုယ်တိုင်ကြုံတွေ့နေရတဲ့ စင်ကာပူနိုင်ငံမှာ အလုပ်လုပ်နေသူ ကိုဇေယျ က ပြောပါတယ်။ ကိုဇေယျ ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။