တိုင်းရင်းသား ၁၃၅ မျိုး ရှိ မရှိ လွှတ်တော်တင်ပြီး ဆုံးဖြတ်မည်
မြန်မာနိုင်ငံမှာ လက်ရှိတရားဝင်ထုတ်ပြန်ထားတဲ့ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး ရှိ မရှိ အငြင်းပွားနေတဲ့ကိစ္စကို လွှတ်တော်ကို တင်ပြပြီး အတည်ပြုဆုံးဖြတ်သွားမယ်လို့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီ က ပြောပါတယ်။
-
2017-12-01 -
-
-
မြန်မာနိုင်ငံမှာ လက်ရှိတရားဝင်ထုတ်ပြန်ထားတဲ့ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး ရှိ မရှိ အငြင်းပွားနေတဲ့ကိစ္စကို လွှတ်တော်ကို တင်ပြပြီး အတည်ပြုဆုံးဖြတ်သွားမယ်လို့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီ က ပြောပါတယ်။
နေပြည်တော် သင်္ဂဟဟိုတယ်မှာ ဒီကနေ့ကျင်းပတဲ့ သန်းခေါင်စာရင်း နည်းပညာရပ်ဆိုင်ရာ နိုင်ငံတကာ အကြံပေးဘုတ်အဖွဲ့ရဲ့ နိုင်ငံတွင်းဆွေးနွေးပွဲအပြီးမှာ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးကိစ္စ အတည်ပြုဖို့နဲ့ ပတ်သက်ပြီး အခုလို ပြောတာ ဖြစ်ပါတယ်။
"ကျနော်တို့ အစိုးရအဖွဲ့ကို တင်ပြမယ်၊ အစိုးရအဖွဲ့ကနေပြီးတော့မှ နောက်ပိုင်းလိုအပ်တယ်လို့လည်း ကျနော်တို့ ထင်ပါတယ်၊ လွှတ်တော်မှာလည်း ဆွေးနွေးဖို့ရှိပါတယ်၊ ဆွေးနွေးပြီးတော့မှ သူတို့ဖက်က အကြံပြုချက်တွေနဲ့ အတည်ပြုရမှာဖြစ်ပါတယ်၊ အဲဒီတော့ ကျနော်တို့ ဝန်ကြီးဌာနတစ်ခုတည်းနဲ့ ဒီကိစ္စက ဆောင်ရွက်လို့မဖြစ်ပါဘူး"
ဒါ့အပြင် တိုင်းရင်းသား သန်းခေါင်းစာရင်းကိစ္စအတွက်လည်း တိုင်းရင်းသားတွေနဲ့ ညှိနှိုင်းနေတယ်လို့ လည်း ဒေါက်တာ ညီညီ က ပြောပါတယ်။
အစိုးရအနေနဲ့ သန်းခေါင်စာရင်းကောက်ယူရာမှာ တိုင်းရင်းသားတွေ တင်စေချင်တဲ့ အမည်၊ အချက်အလက်တွေ ကို အားလုံးသဘောတူညီမှ ထုတ်ပြန်ပေးမယ်လို့ ကတိပြုထားတယ်လို့ ဒေါက်တာညီညီက ပြောပါတယ်။
ဒါ့အပြင် လက်ရှိထုတ်ပြန်ထားတဲ့ တိုင်းရင်းသား ၁၃၅ မျိုးစာရင်းထက် တိုးလာမလား၊ လျော့သွားမလားဆိုတာ မပြောနိုင်သေးလို့လည်း ဒေါက်တာညီညီ က ပြောပါတယ်။
မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးရှိတယ်ဆိုပြီး ၁၉၉၀ ဝန်းကျင်က နဝတအစိုးရက ထုတ်ပြန်ခဲ့ပေမယ့် အဲဒီစာရင်းတွေက ဖောင်းပွနေတာတွေရှိတယ်ဆိုပြီး တိုင်းရင်းသားအချို့က ဝေဖန်တာတွေရှိပါတယ်။
မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၃၀ အကြာ သန်းခေါင်စာရင်း မကောက်ယူနိုင်ခဲ့ပဲ ၂၀၁၄ ခုနှစ်မှာ ပြန်လည်ကောက်ယူ ခဲ့ရာမှာ အိမ်ထောင်စုဆိုင်ရာ၊ လူဦးရေဆိုင်ရာ၊ ဘာသာရေးဆိုင်ရာ သန်းခေါင်စာရင်းတွေကိုတော့ ထုတ်ပြန်ထား ပြီးဖြစ်ပါတယ်။