မြန်မာ့ ပဲ၊ ပြောင်း၊ နှမ်း တန်ချိန်တစ်သောင်းကျော်ကို တရုတ် ချိပ်ပိတ်
မြန်မာကတင်ပို့ထားတဲ့ ပဲ၊ ပြောင်း၊ နှမ်း ကုန်ချိန်တစ်သောင်းကျော်ကို တရုတ်ရဲတပ်ဖွဲ့က ချိပ်ပိတ်ထားပြီး တရုတ်နိုင်ငံသားကုန်သည်တစ်ဦးကိုလည်း ဖမ်းဆီးထားပါတယ်။
-
RFA Burmese
2023-05-17 -
-
-
တရုတ်နိုင်ငံ ဝမ်တိန်မြို့ကို မြန်မာကုန်သည်တွေတင်ပို့ထားတဲ့ ပဲ၊ ပြောင်း၊ နှမ်း ကုန်ချိန် တစ်သောင်းကျော်ကို တရုတ်ရဲတပ်ဖွဲ့က ချိပ်ပိတ်ထားပြီး တရုတ်နိုင်ငံသားကုန်သည် တစ်ဦးကိုလည်း ဖမ်းဆီးထားတယ်လို့ မူဆယ်နယ်စပ်ကုန်သည်တွေက ပြောပါတယ်။
မြန်မာဘက်ကနေ ဝင်လာတဲ့ ပဲတီစိမ်း၊ ပြောင်း၊ မြေပဲနဲ့ နှမ်းတွေဟာ တရုတ်ပြည်တွင်း အထိ ဖြန့်ခွင့်မရှိဘူးဆိုတဲ့ စွပ်စွဲချက်နဲ့ ဧပြီ ၂၄ ရက်နေ့ကစပြီး တရုတ်ဘက်က ဖမ်းဆီးခဲ့တာလို့ နယ်စပ်ကုန်သည်က ပြောပါတယ်။
“တရားမဝင်လို့ဆိုပြီး ဂိုဒေါင်တွေထဲမှာရှိတဲ့ ပစ္စည်းတွေကို ချိပ်ပိတ်လိုက်တယ်။ မြန်မာနိုင်ငံသားတွေပိုင်တာက တန်ချိန် တစ်သောင်းလောက်ရှိတယ်။ တရုတ်နိုင်ငံသား တွေ ပိုင်တာလည်း ရှိတာပေါ့။ တရုတ်ကုန်သည်နဲ့ ကျွန်တော်တို့ ပစ္စည်းတွေကို ဖမ်းထား တုန်းပဲ”
တရုတ်ကုန်သည်တစ်ဦးနဲ့အတူ မြန်မာအလုပ်သမားနှစ်ဦးကို ကနဦးဖမ်းဆီးခဲ့ပေမယ့် အခုတော့ မြန်မာအလုပ်သမားနှစ်ဦးကို ပြန်လွှတ်ပေးလိုက်ပြီလို့ သူက ပြောပါတယ်။
ဒေသကျော်လွန် တင်သွင်းတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရတာလို့ ကုန်သည် နောက်တစ်ဦးက ပြောပါတယ်။
“ဥပမာ- ယူနန်ပြည်နယ်ဆိုရင် ယူနန်ပြည်နယ်အတွက်ပဲ ရမယ်ပေါ့နော်။ အခုတော့ ပြည်မအထိပါ တင်ပို့နေလို့ ဆိုပြီး ချိပ်ပိတ်စစ်ဆေးရတယ်လို့ ပြောတယ်။ စစ်ဆေးတာ လည်း ကြာနေပြီ၊ အခုထိ ပြန်မဖွင့်ပေးသေးဘူ။ ဒါကြောင့် အခုတရုတ်ထဲကို ပဲ၊ ပြောင်း၊ နှမ်း တင်ပို့ဖို ကုန်သည်တွေက ကြောက်နေကြတယ်”
ယခင်က အခုလို ဖမ်းဆီးတာမရှိဘဲ ဧပြီလကုန်ပိုင်းကစပြီး တရုတ်ဘက်က ဖမ်းဆီး ကန့်သတ်မှုတွေ လုပ်လာတာလို့ ပြောပါတယ်။
ကုန်သည်တွေကတော့ ဒီပြဿနာအတွက် မူဆယ်နယ်စပ် စစ်ကောင်စီ တာဝန်ရှိသူတွေကို တင်ပြထားတယ်လို့ ဆိုပါတယ်။
မူဆယ်နယ်စပ်ကုန်သွယ်ရေးတာဝန်ရှိသူတွေကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားတဲ့အတွက် ဆက်သွယ်လို့ မရသေးပါဘူ။
ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကိုလည်း RFA က အီးမေးလ်ကနေ ဆက်သွယ် မေးမြန်း ထားပေမယ့် အကြောင်းမပြန်သေးပါဘူး။
စစ်ကောင်စီ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ မေလ ၁၆ရက်နေ့ ထုတ်ပြန်ချက်အရ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကနေ တရုတ်ဘက်ကို တင်ပို့တဲ့ ကုန်တွေထဲမှာ ပဲတီစိမ်း၊ ပြောင်းဖူး၊ နှမ်းနက်၊ ဆန်၊ ဆန်ကွဲ၊ ရော်ဘာတွေအများဆုံး ပါဝင်တယ်လို့ ဖော်ပြပါတယ်။