ရေဘေးသင့်သူတွေကို ကူညီဖို့ နိုင်ငံတကာကို NUG နဲ့ EAO အဖွဲ့တွေ တောင်းဆို
ရေဘေးသင့် မြန်မာနိုင်ငံသားတွေကို ကူညီထောက်ပံ့ပေးဖို့ နိုင်ငံတကာကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) တွေက တောင်းဆိုလိုက်တာပါ။
-
RFA Burmese
2024-09-17 -
-
-
ရာဂီမုန်တိုင်းကြောင့် ရေဘေးဒဏ်ခံစားခဲ့ရပြီး အကူအညီလိုအပ်နေတဲ့ မြန်မာနိုင်ငံသားတွေကို အရေးပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးဖို့ နိုင်ငံတကာနဲ့ ကုလသမဂ္ဂအဖွဲ့တွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) တွေက ပူးတွဲကြေညာချက်ထုတ်ပြီး တောင်းဆိုလိုက်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဝန်ကြီးဌာန (MoHADM)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) တို့က ရေဘေးသင့် မြန်မာနိုင်ငံသားတွေကို ကူညီထောက်ပံ့ပေးဖို့ နိုင်ငံတကာကို စက်တင်ဘာ ၁၇ ရက်နေ့က တောင်းဆိုလိုက်တာပါ။
ကုလသမဂ္ဂ၊ အီးယူ၊ အာဆီယံနဲ့တကွ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းတွေအနေနဲ့ ရေဘေးသင့် အကူအညီတွေကို ပေးအပ်ရာမှာ အရေးပေါ်လူသားချင်းစာနာမှု အကူအညီတွေနဲ့ ကျန်းမာရေးဆိုင်ရာ အကူအညီတွေ အညီအမျှရရှိအောင် ဆောင်ရွက်ပေးဖို့၊ အကူအညီတွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနတာဝန်ခံတွေနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့၊ အရက်ဘက်လူမှုအဖွဲ့အစည်းတွေကို တိုက်ရိုက်ပံ့ပိုးပေးဖို့လည်း ပြောထားပါတယ်။
နိုင်ငံတကာက ပေးလာတဲ့လူသားချင်းစာနာမှုအကူအညီတွေကို နိုင်ငံရေးနဲ့ စစ်ရေးတွေမှာ အမြတ်ထုတ် မခံရအောင် အထူးသတိပြုစေဖို့နဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေသာမကဘဲ ပြန်လည်ထူထောင်ရေးနဲ့ ပြည်လည်တည်ဆောက်ရေးတွေမှာ ရေတို၊ ရေရှည်ပံ့ပိုးကူညီပေးဖို့ စတဲ့အချက်လေးချက်ကိုလည်း ထုတ်ပြန်ချက်မှာ တောင်းဆိုထားပါတယ်။
ရေဘေးအန္တရာယ်ကြီးမားပြင်းထန်တာကြောင့် အစားအစာ၊ သောက်သုံးရေ၊ လူသုံးကုန်ပစ္စည်းတွေနဲ့ အမိုးအကာတွေ ထောက်ပံ့ပေးဖို့အပါအဝင် ကျန်မာရေးစောင့်ရှောက်မှု၊ ရေနဲ့ပတ်ဝန်းကျင်သန့်ရှင်းရေး၊ စိုက်ပျိုးမွေးမြူရေးကိစ္စတွေအတွက် ပြန်လည်ထူထောင်ရေးနဲ့ အခြေခံအဆောက်အအုံတွေ ပြန်လည်တည်ဆောက်ရေးတွေ လိုအပ်တယ်လို့ ပြောထားပါတယ်။
ရာဂီမုန်တိုင်းကြောင့် ရှမ်း၊ ကရင်နီ၊ ချင်း၊ ကရင်ပြည်နယ်တွေနဲ့ မန္တလေး၊ ပဲခူး၊ စစ်ကိုင်း၊ မကွေးတိုင်းတွေမှာ ရေကြီးရေလျှံတာနဲ့ မြေပြိုတာတွေဖြစ်ခဲ့ပြီး ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ဆိုပါတယ်။
သုံးရက်ခန့် မိုးကြီးပြီး ဆည်တွေရဲ့ ရေပိုလွှဲတွေကနေ ရေထုတ်လွှတ်တာကြောင့် ရှမ်း၊ ကရင်နီပြည်နယ်၊ ပဲခူးတိုင်းနဲ့ မန္တလေးတိုင်းတွေမှာ ဒေသခံပြည်သူထောင်နဲ့ချီ သေဆုံးပျောက်ဆုံးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒ့ါအပြင် ရေလွှမ်းမိုးတာကြောင့် လူဦးရေ ခုနစ်သိန်းခန့် ထိခိုက်နိုင်ပြီး ပျက်စီးဆုံးရှုံးမှုတွေ တွေ့ကြုံနေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီပိုင် သတင်းမီဒီယာတွေမှာတော့ မြန်မာနိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုဖြစ်ခဲ့တဲ့ မြို့နယ်တွေမှာ သေဆုံးသူ ၂၂၆ ဦးနဲ့ ပျောက်ဆုံးနေသူ ၇၇ ဦးရှိကြောင်း စက်တင်ဘာ ၁၆ ရက်နေ့ညမှာ သတင်းထုတ်ပြန်ထားပါတယ်။