ရေဘေးကြောင့် သေဆုံးသူ ၁၀၃ ဦး၊ ဒုက္ခသည် တစ်သန်းနှစ်သိန်းကျော်ရှိ
တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၀ ခုမှာ ရေဘေးဒဏ်ကြောင့် သေဆုံးသူ ၁၀၃ ဦး ရှိပြီး၊ ရေဘေးဒုက္ခသည် တစ်သန်းနှစ်သိန်းကျော်ရှိတယ် လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ နေရာပြန်လည် ချထားရေးဦးစီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။
-
2015-08-13 -
-
-
တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၀ခုမှာ ရေဘေးဒဏ်ကြောင့် သေဆုံးသူ ၁၀၃ ဦး ရှိပြီး၊ ရေဘေးဒုက္ခသည် တစ်သန်းနှစ်သိန်းကျော်ရှိတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ နေရာပြန်လည်ချထားရေးဦးစီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ မနေ့ကအထိ စုဆောင်းကောက်ခံထားတဲ့ သေဆုံးသူစာရင်းဖြစ်တယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ နေရာပြန်လည်ချထားရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းရွှေက ပြောပါတယ်။
"သေဆုံးသူက ၁ဝ၃ ဦး ရေဘေးသင့် လူဦးရေအနေနဲ့ အားလုံး ၁၂ သိန်း ၈ သောင်းကျော်ပေါ့နော်၊ လက်ရှိပြည်နယ်နဲ့ တိုင်းတွေမှာ ရေဘေးနဲ့ပတ်သက်ပြီးတော့ သေဆုံးမှုအားလုံးကို ပြည်နယ်တိုင်းတွေက သူတို့တင်ပြတယ်၊ တင်ပြတာကို ကျနော်တို့က ဒီမှာအချုပ်ပြန်လုပ်ပြီးထည့်တာလေ၊ Daily Report ပုံစံမျိုးပါ"
ရေလွှမ်းခံနေရတဲ့ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တချို့မှာ ရေကျသွားပေမယ့် ကယ်ဆယ်ရေးစခန်း ရောက်ရှိနေသူအများစုဟာ နေအိမ်မပြန်နိုင်ကြသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ရက်နေ့ကစပြီး ရေကြီးရေလျှံမှုတွေကြောင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေကို အရေးပေါ်ဒေသတွေအဖြစ် ကြေညာထားရဆဲဖြစ်ပါတယ်။