ICC ကို အစိုးရ တုံ့ပြန်

ရခိုင်ပြည်နယ်က မွတ်စလင်တွေကို မောင်းထုတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့ အရေးယူ အမှုဖွင့်ဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားခုံရုံး ICC ရှေ့နေချုပ်က ပြောဆိုခဲ့တဲ့သတင်းအပေါ် မြန်မာအစိုးရအနေနဲ့ အလွန်တရာ စိတ်ပျက်သောကဖြစ်ရတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက ကြေညာချက်တရပ် ထုတ်ပြန်လိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်စ်ဘဇား ဒုက္ခသည်စခန်းက မွတ်စလင်မိသားစုကို တွေ့ရစဉ် Photo: AFP

ရခိုင်ပြည်နယ်က မွတ်စလင်တွေကို မောင်းထုတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့ အရေးယူအမှုဖွင့်ဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားခုံရုံး ICC ရှေ့နေချုပ်က ပြောဆိုခဲ့တဲ့သတင်းအပေါ် မြန်မာအစိုးရအနေနဲ့ အလွန်တရာ စိတ်ပျက်သောကဖြစ်ရတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက ကြေညာချက်တရပ် ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံဟာ အိုင်စီစီ အဖွဲ့ဝင်နိုင်ငံ မဟုတ်ကြောင်း၊ ICC အဖွဲ့ကြီးရဲ့ ပဋိဉာဉ်စာချုပ်မှာ သူ့ရဲ့လုပ်ပိုင်ခွင့် လက်မခံ တဲ့ နိုင်ငံတွေရဲ့ အရေးကိစ္စတွေကို စွက်ဖက်လုပ်ပိုင်ခွင့်မရှိဘူးလို့ ဖော်ပြထားကြောင်း၊  လုပ်ပိုင်ခွင့်မရှိတဲ့ နိုင်ငံတွေ အပေါ် တရားရေးဆိုင်ရာ အရေးယူမှု ချဲ့ထွင်ဖို့ကြိုးပမ်းလာရင် မသက်ဆိုင်သူတွေအပေါ် ဂယက်ရိုက်ခတ်မှုတွေ ရှိလာမှာဖြစ်ကြောင်း အဲဒီ ကြေညာချက်မှာ ထောက်ပြထားပါတယ်။

ဒါ့အပြင် ပြဿနာဖြစ်ပွားခဲ့တဲ့ဒေသက ဘယ်သူ့ကိုမှ အစိုးရက မောင်းထုတ်ခဲ့တာ မရှိဘူးလို့ အကြိမ်ကြိမ်ပြောခဲ့ ပြီးဖြစ်ကြောင်း၊ ထွက်ပြေးကြသူတွေကို ပြန်လည်ခေါ်ယူ နေရာချထားနိုင်ဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ပူးပေါင်းကြိုး ပမ်းနေကြောင်း၊ ပြန်လည်ခေါ်ယူရေးအတွက် အစစပြင်ဆင်ထားပြီး  ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ကိုယ်တိုင် ဘင်္ဂလားဒေ့ရှ်ကို သွားရောက်ပြီး အားလုံးအသင့်ရှိနေပြီဆိုတာ ရှင်းပြနေကြောင်း အကျယ်တဝင့် ဖော်ပြထားပါတယ်။

ICC ရှေ့နေချုပ် Fatou Bensouda ကတော့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ထွက်ပြေးရောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်ဟာ ICC အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အတွက် စုံစမ်းစစ်ဆေးခွင့်ရှိကြောင်းပြောဆိုပြီး၊ တရားစွဲဆိုခွင့် လျှောက်ထားခဲ့တာပါ။

ဒီအတွင်း ဖိလစ်ပိုင်သမ္မတ ဒူတာတေးက မူးယစ်ဆေးတိုက်ဖျက်ရေးစစ်ပွဲမှာ လူအများအပြား သေဆုံးခဲ့တာနဲ့ ပတ်သက်ပြီး တရားစွဲဆိုဖို့ ကြိုးစားနေတဲ့ ICC ရှေ့နေချုပ်ကို ဖမ်းချုပ်ပစ်မယ်လို့ ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။

ဖိလစ်ပိုင် မူးယစ်ဆေးတိုက်ဖျက်ရေးမှာ လူထောင်နဲ့ချီသေဆုံးခဲ့တဲ့အတွက် ICC က စုံစမ်းဖို့ ပြင်ဆင်နေချိန်မှာ ICC အဖွဲ့ဝင်နိုင်ငံအဖြစ်ကနေ ဖိလစ်ပိုင် နုတ်ထွက်လိုက်တာပါ။  အဲသလို နုတ်ထွက်လိုက်ရုံနဲ့ စုံစမ်းစစ်ဆေးတာတွေကို တားဆီးနိုင်မှာမဟုတ်ကြောင်း  ICC က ပြောပါတယ်။

ဒါပေမဲ့ သမ္မတ ဒူတာတေး ကတော့ ICC ရှေ့နေချုပ် ဝင်လာရင် ဖမ်းဆီးမှာဖြစ်လို့ ဖိလစ်ပိုင်ကနေ ဝေးဝေးနေဖို့ ပြောဆိုလိုက်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org